အေစီမီလန်နဲ့ အီတလီ ဂန္ထဝင်ကစားသမား ဘာရီစီ အသက် ၆၆ နှစ်အရွယ်မှာ ကွယ်လွန်
၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်ပိုင်းအတွင်း အီတလီဘောလုံးလောက ရွှေခေတ်မှာ လူသိအများဆုံး ကစားသမားတစ်ဦးဖြစ်ခဲ့သူ အေစီမီလန်နဲ့ အီတလီ နောက်ခံလူဟောင်း ဖရန်ကိုဘာရီစီက အသက် ၆၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
အေစီမီလန်ရဲ့ထုတ်ပြန်ချက်မှာ"ဖရန်ကိုဘာရီစီ ကွယ်လွန်သွားတာကြောင့် အေစီမီလန်ရဲ့သမိုင်းတစ်ခုလုံး ဝမ်းနည်းပူဆွေးနေရပါတယ်။ သူ့ရဲ့ စံနမူနာကောင်းတွေနဲ့ ရိုးသားဖြောင့်မတ်မှုတွေက အသင်းရဲ့ အမှတ်တရ နံပါတ် ၆ ဂျာစီလိုပဲ အသင်း DNA ထဲမှာ ထာဝရ ကိန်းဝပ်ကျန်ရစ်နေမှာပါ" လို့ ဖော်ပြထားပါတယ်။
အေစီမီလန်ရဲ့ ဂုဏ်ထူးဆောင် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဘာရီစီက ပြီးခဲ့တဲ့နှစ်မှာပဲ အဆုတ်အဖုတစ်ခုကို ဖယ်ရှားဖို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ကင်ဆာအထူးကုဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ဆေးကုသမှု ခံယူနေခဲ့ရတာ ဖြစ်ပါတယ်။
ဘာစီရီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက Milano Cortina ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ အဖွင့်အခမ်းအနားမှာ အိုလံပစ်မီးရှူးတိုင်သယ်ဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပါသေးတယ်။
အဲဒီတုန်းက ကွင်းထဲမှာ ဘာစီရီက ကာလရှည် ပြိုင်ဘက်ဖြစ်ခဲ့သူ အင်တာမီလန်နဲ့ အီတလီ နောက်ခံလူဟောင်း ဂျူဆက်ပီဘာဂိုမီနဲ့အတူ ယှဉ်တွဲပါဝင်ခဲ့တာဖြစ်ပါတယ်။
ဘာရီစီက ကစားသမားဘဝ အနှစ် ၂၀ လုံးကို အေစီမီလန်တစ်သင်းတည်းမှာပဲ ကုန်လွန်ခဲ့သူဖြစ်ပြီး စီးရီးအေ ချန်ပီယံဆု ၆ ကြိမ်နဲ့ ဥရောပ ထိပ်တန်းဖလား ၃ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။
၁၉၉၇ ခုနှစ်မှာ ကစားသမားဘဝက မနားမီ ၁၅ ရာသီတိုင်တိုင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အေစီမီလန်ရဲ့ ဂန္ထဝင်အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။
ကစားသမားဘဝ အဆုံးသတ်ချိန် အေစီမီလန်က ကျောနံပါတ် ၆ ကို အနားပေးခဲ့ပြီး ဘာရီစီကလည်း အသင်းသမိုင်းမှာ ဒီလိုဂုဏ်ပြုခံရတဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။