The network connection is lost.

Banner Image

ပြိုင်ဘက်တွေအတွက် အနိုင်ယူဖို့ ခက်ခဲတဲ့ လီဗာပူးအသင်းဖြစ်လာဖို့ အီရာအိုလာ အာရုံစိုက်နေ

လီဗာပူးနည်းပြအီရာအိုလာက ဘောလုံးရာသီသစ်မစတင်ခင်မှာပဲ ဘယ်လိုအသင်းမျိုး တည်ဆောက်ချင်လဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

လီဗာပူးအသင်းက အခုနွေရာသီမှာ မိုဆာလက်၊ ရော်ဘတ်ဆန်နဲ့ ကိုနာတေးတို့ကို လက်လွှတ်လိုက်ရပြီး မူနော့ဇ်၊ ဂျက်ကွက်နဲ့ စီနီယာအဆင့်မရောက်ရှိသေးတဲ့ ကစားသမားအချို့ကိုပဲ ခေါ်ယူထားနိုင်ပါသေးတယ်။

လတ်တလောမှာတော့ ကြိုးကြာနီတွေက မိုဆာလက်နေရာ အစားထိုးနိုင်မယ့် တောင်ပံကစားသမားတစ်ဦးနဲ့ ခံစစ်မှာ ဗန်ဒိုက်ကို ကူညီပေးနိုင်မယ့် ဗဟိုနောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ရာသီ၊ ချန်ပီယံဆုမကာကွယ်နိုင်ခဲ့တဲ့ လီဗာပူးက လာမယ့်ဘောလုံးရာသီသစ်မှာ ချန်ပီယံဆုစိန်ခေါ်ဖို့ဆိုရင် အီရာအိုလာအတွက် ငွေကြေးအမြောက်အများသုံးစွဲကာ ကစားသမားကောင်းတွေ ခေါ်ယူပေးရပါလိမ့်မယ်။

အမေရိကန်မှာကစားမယ့် ပထမဆုံး ရာသီကြိုခြေစမ်းပွဲတွေအတွက် ပြင်ဆင်နေချိန် အတိတ်မှာ ဘုန်းမောက်နဲ့အတူ အောင်မြင်ခဲ့ဖူးတဲ့ အီရာအိုလာက လီဗာပူးကို ဘယ်လိုပုံစံအသင်းမျိုး တည်ဆောက်ချင်သလဲဆိုတာ ပြောပြခဲ့ပါတယ်။

"ဒါက အများကြီး အထောက်အကူဖြစ်စေပေမဲ့ ပရိသတ်တွေကိုယ်တိုင်လည်း ကွင်းထဲမှာ သူတို့တွေ့ရတဲ့ပုံစံအပေါ် ကိုယ့်အသင်းဆိုတဲ့ ခံစားချက်မျိုး ရှိနေဖို့ လိုပါတယ်။ တခါတလေကျတော့ ဘောလုံးကို ဂိုးထောင့်ဆီ လှလှပပကန်သွင်းလိုက်ရုံတင် မဟုတ်ပါဘူး"

"ပွဲကြည့်နေတဲ့သူတွေက ကိုယ်တိုင်မကစားနိုင်ပေမဲ့ ကစားသမားတွေ ပြေးလွှားနေတာ၊ ဘောလုံးရဖို့ တိုက်ပွဲဝင်နေတာ၊ ဖိအားပေးကစားတာနဲ့ အခြေအနေတိုင်းမှာ နောက်ဆုံးအထိ အစွမ်းကုန်ကြိုးစားနေတာကို မြင်ရချိန် အဲဒီအသင်းကို အားပေးဖို့ ပိုလွယ်သွားပါတယ်။ ဒါကြောင့် ကျွန်တော့်အသင်းကို အဲဒီလိုပုံစံမျိုးဖြစ်အောင် တိုက်တွန်းသွားပါမယ်"

"အရေးကြီးဆုံးကတော့ ကွင်းတွင်းစွမ်းဆောင်ရည်ပါပဲ။ ကျွန်တော့်ရဲ့စကားတွေ ဘယ်လောက်ကောင်းအောင်ပြောပြော အရေးမကြီးပါဘူး။ နောက်ဆုံးမှာတော့ လူတွေက အသင်းရဲ့ကစားပုံကောင်းမွန်တာနဲ့ ရလဒ်ကောင်းတွေကိုပဲ မြင်ချင်ကြပါတယ်။ ဒါကပဲ ကျွန်တော့်အလုပ်ရဲ့ ၉၀ ရာခိုင်နှုန်းဆိုတာကို ကျွန်တော်သိပါတယ်"

"အခုလောလောဆယ်တော့ ကျွန်တော့်ရည်မှန်းချက်က ပြိုင်ဘက်တွေအတွက် အနိုင်ယူဖို့ မလွယ်ကူတဲ့၊ ရင်ဆိုင်ရအတော်လေးခက်ခဲတဲ့ အသင်းတစ်ခုဖြစ်လာအောင် တည်ဆောက်ဖို့ပါပဲ။ အခု ကျွန်တော်စိတ်ကူးထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင်တော့ အောင်မြင်မှုတွေ သေချာပေါက် ရရှိလာပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။

လီဗာပူးအသင်းက ရာသီကြိုခြေစမ်းပွဲစဉ်ခရီးစဉ်အဖြစ် လာမယ့်စနေနေ့၊ နက်ရှ်ဗီးလ်မြို့မှာ ဆန်းဒါးလန်းနဲ့ ရင်ဆိုင်ပြီးနောက် ဝရက်ဇ်ဟမ်း၊ လိဒ်ယူနိုက်တက်၊ မိုနာကို၊ ကိုမိုတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားသွားပါမယ်။