မော်ဂန်ရိုဂျာစ်ရဲ့နေရာမှာ အစားထိုးဖို့ ပီအက်စ်ဂျီကြယ်ပွင့်အမ်ဘာယီကို ပစ်မှတ်ထားနေတဲ့ အက်စတွန်ဗီလာ
မော်ဂန်ရိုဂျာစ်ရဲ့ ချဲလ်ဆီးဆီ ပေါင် ၁၁၇ သန်းတန်ပြောင်းရွှေ့မှုအပြီး အက်စတွန်ဗီလာက သူ့ရဲ့နေရာကို အစားထိုးနိုင်ဖို့အတွက် ပီအက်စ်ဂျီကြယ်ပွင့်အမ်ဘာယီကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပါတယ်။
The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ အက်စတွန်ဗီလာအသင်းက အင်္ဂလန်လက်ရွေးစင်ကစားသမားရိုဂျာစ်ရဲ့နေရာမှာ ခြေစွမ်းထက်နေတဲ့ ဆီနီဂေါကစားသမားကို အံဝင်ခွင်ကျဖြစ်မယ့်သူအဖြစ် ရှုမြင်ထားတယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ်အရွယ် အမ်ဘာယီကို တော့တင်ဟမ်နဲ့ မန်စီးတီးတို့လို အသင်းကြီးတွေကလည်း စောင့်ကြည့်နေပြီး အခုနွေရာသီစျေးကွက်မှာ အပြိုင်အဆိုင်ဇာတ်လမ်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ပီအက်စ်ဂျီအသင်းက သူတို့ရဲ့တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ဖို့ စီစဉ်နေလို့ အမ်ဘာယီအတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိနိုင်ရေးအလို့ငှာ အသင်းမှထွက်ခွာသွားနိုင်ပါတယ်။
ဒီလူငယ်ကစားသမားလေးက မကြာသေးခင်ကပဲ နာမည်ကျော်အေးဂျင့်ဂျော့ခ်ျမန်ဒက်စ်ရဲ့ အေဂျင်စီနဲ့ လက်တွဲလိုက်ပါတယ်။ ဒါက အက်စတွန်ဗီလာအသင်းအတွက်တော့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ မန်ဒက်စ်က အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီရဲ့အေးဂျင့်လည်း ဖြစ်နေလို့ ဒီအပြောင်းအရွှေ့အတွက် ပိုမိုလွယ်ကူချောမွေ့သွားနိုင်ပါတယ်။