The network connection is lost.

Banner Image

အက်စတွန်ဗီလာကြယ်ပွင့်မော်ဂန်ရိုဂျာစ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက်ပြီလို့ ချဲလ်ဆီးအသင်း အတည်ပြု

အက်စတွန်ဗီလာအသင်းကစားသမားမော်ဂန်ရိုဂျာစ်ကို ပြောင်းရွှေ့ကြေးပေါင် ၁၁၇ သန်းဖြင့် ခေါ်ယူလိုက်ပြီလို့ ချဲလ်ဆီးအသင်းက တရားဝင်ကြေညာလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားက အခုနွေရာသီ၊ အက်စတွန်ဗီလာမှထွက်ခွာမယ်ဆိုရင် အာဆင်နယ်ဆီ ပြောင်းရွှေ့သွားနိုင်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ချဲလ်ဆီးက သူတို့ရဲ့လန်ဒန်မြို့ခံပြိုင်ဘက်ကို ကျော်ဖြတ်ကာ ပေါင် ၁၁၇ သန်းဆိုတဲ့ ငွေကြေးပမာဏအမြောက်အမြားနဲ့ အင်္ဂလန်ကြယ်ပွင့်ကို အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ ဒီပြောင်းရွှေ့ကြေးပမာဏက ဗြိတိန်ကစားသမားတစ်ဦးအတွက် စံချိန်တင်နှုန်းထားလည်း ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ ဘင်ဖီကာအသင်းဆီမှ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူချိန် ချဲလ်ဆီးအသင်း သုံးစွဲခဲ့တဲ့ ပေါင် ၁၀၆ သန်းဆိုတဲ့ ပမာဏကို ကျော်ဖြတ်ကာ အသင်းသမိုင်းတလျှောက် အမြင့်မားဆုံးပြောင်းရွှေ့ကြေးစံချိန်သစ်လည်း ဖြစ်လာခဲ့ပါတယ်။

ရိုဂျာစ်က စတမ်းဖို့ဒ်ဘရစ်ချ်မှာ ခြောက်နှစ်ကြာရှိနေမယ့် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အသင်းရဲ့အလိုဆန္ဒအရ နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်ကိုလည်း ရှိထားပါတယ်။

ဒါပေမဲ့ ရိုဂျာစ်က ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားထားလို့ ချဲလ်ဆီးအသင်းရဲ့ အာရှ၊ သြစတြေးလျ ရာသီကြိုခရီးစဉ် ပြီးဆုံးချိန်မှသာ အသင်းဖော်သစ်တွေနဲ့ ပူးပေါင်းနိုင်ပါလိမ့်မယ်။

"တကယ်ကို စိတ်လှုပ်ရှားမိပါတယ်" လို့ ရိုဂျာစ်က ချဲလ်ဆီးအသင်းဝက်ဘ်ဆိုဒ်ဆီ ပြောပါတယ်။ 

"ကျွန်တော့်အတွက်တော့ ချဲလ်ဆီးဆိုတာ လန်ဒန်မှာ အကြီးကျယ်ဆုံးအသင်းဖြစ်ပြီး ငယ်ငယ်ကတည်းက အားကျခဲ့ရတဲ့ အသင်းလည်း ဖြစ်ပါတယ်။ နည်းပြသစ်၊ ကစားသမားတွေနဲ့အတူ အသင်းရဲ့ရှေ့ဆက်သွားမယ့် စီမံကိန်းတွေအတွက်လည်း တကယ်ကို ရင်ခုန်မိပါတယ်။ ဒါကြောင့်လည်း ကျွန်တော် ဒီကိုရောက်လာတာဖြစ်ပြီး အလုပ်တွေစတင်ဖို့အတွက်တောင် မစောင့်နိုင်တော့ပါဘူး" လို့ သူက ဆိုပါတယ်။