ချဲလ်ဆီးဆီ မော်ဂန်ရိုဂျာစ်ပြောင်းရွှေ့ဖို့ နီးစပ်နေချိန် ဆမ်မာဗီလီကို ခေါ်ယူဖို့ အရှိန်မြှင့်ကြိုးပမ်းလာတဲ့ အက်စတွန်ဗီလာ
ချဲလ်ဆီးဆီ မော်ဂန်ရိုဂျာစ် ပြောင်းရွှေ့ဖို့ အတော်လေးနီးစပ်လာချိန်မှာပဲ အက်စတွန်ဗီလာအသင်းက ဝက်စ်ဟမ်းတောင်ပံကစားသမားဆမ်မာဗီလီကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ်မော်ဂန်ရိုဂျာစ်က ချဲလ်ဆီးအသင်းနဲ့ဆေးစစ်မှုကို အောင်အောင်မြင်မြင်ပြုလုပ်ခဲ့ပြီးနောက် သဘောတူစာချုပ်မှာလည်း လက်မှတ်ရေးထိုးပြီးဖြစ်လို့ သူ့ရဲ့ စံချိန်တင် ပေါင် ၁၁၇ သန်းတန်အပြောင်းအရွှေ့လည်း မကြာခင် တရားဝင်ထွက်ပေါ်လာနိုင်ပါတယ်။
အက်စတွန်ဗီလာအသင်းကတော့ ပြီးခဲ့တဲ့ရာသီ၊ ၅၅ ပွဲပါဝင်ကစားရာမှာ ၁၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ခဲ့တဲ့ ရိုဂျာစ်ရဲ့နေရာကို အစားထိုးဖို့ ကစားသမားတစ်ဦး ရှာဖွေနေပါတယ်။
TalkSport ရဲ့ဖော်ပြချက်အရ အသက် ၂၄ နှစ်အရွယ်ဝက်စ်ဟမ်းတောင်ပံကစားသမား ဆမ်မာဗီလီက အက်စတွန်ဗီလာရဲ့ပစ်မှတ်စာရင်းမှာ ပါဝင်နေပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းကိုယ်တိုင် အလေးအနက်စဉ်းစားနေပြီလို့ သိရပါတယ်။
ဒါပေမဲ့ စီးရီးအေကလပ်အသင်းရိုးမားက ဆမ်မာဗီလီအတွက် ပေါင် ၃၉ သန်းတန် ကမ်းလှမ်းမှု ပြုလုပ်ထားပြီး အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့ ကနဦးကြိုးပမ်းနေမှုကြောင့် အက်စတွန်ဗီလာရဲ့လှုပ်ရှားမှုတွေ သိပ်ပြီး မလွယ်ကူနိုင်တော့ပါဘူး။