စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၁၇ သန်းဖြင့် ချဲလ်ဆီးဆီ ရောက်ရှိလာတော့မယ့် မော်ဂန်ရိုဂျာစ်
မော်ဂန်ရိုဂျာစ်က အက်စတွန်ဗီလာမှ ချဲလ်ဆီးဆီ စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၁၇ သန်းဖြင့် ရောက်ရှိလာတော့မယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။
အသက် ၂၄ နှစ်အရွယ်ကစားသမားက အခုနွေရာသီ၊ အက်စတွန်ဗီလာမှ ထွက်ခွာမယ်ဆိုရင် အာဆင်နယ်နဲ့ပူးပေါင်းဖို့ အလားအလာအကောင်းဆုံးလို့ လူတိုင်း မျှော်လင့်ထားခဲ့ကြပါတယ်။
ဒါပေမဲ့ ရိုဂျာစ်ကို ကာလရှည်စိတ်ဝင်စားခဲ့တဲ့ ချဲလ်ဆီးက ကြားဖြတ်ဝင်ရောက်လာပြီး ပေါင် ၁၁၇ သန်းဆိုတဲ့ ငွေကြေးပမာဏမျိုးနဲ့ အပြောင်းအရွှေ့ဖော်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီပမာဏက အန်ဒါဆန်အတွက် မန်စီးတီးပေးချေခဲ့တဲ့ ပြောင်းရွှေ့ကြေးထက် ပေါင်တစ်သန်း ပိုများနေပါတယ်။
နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ရိုဂျာစ်က ချဲလ်ဆီးနဲ့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီး စာချုပ်မှာ လက်မှတ်ရေးထိုးပြီးပြီလို့ သိရပါတယ်။ ဒါကြောင့် ဒီအပြောင်းအရွှေ့ကို မကြာခင်မှာပဲ တရားဝင် ထုတ်ပြန်ကြေညာသွားမယ်လို့ ယူဆရပါတယ်။
ရိုဂျာစ်က စတမ်းဖို့ဒ်ဘရစ်ချ်ကလပ်အသင်းနဲ့ ခြောက်နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး နောက်ထပ် ၁၂ လသက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။