The network connection is lost.

Banner Image

ဒေါ်နယ်ထရန့်ကို လက်ဆွဲမနှုတ်ဆက်တာထောင်ကျမှာစိုးလို့ဖြစ်တယ်လို့ နောက်ပြောင်လာတဲ့ အစ်ဂလေစီးယပ်စ်

စပိန်တိုက်စစ်မှူး ဘော့ဂျာ အစ်ဂလေစီးယပ်စ်က ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ လက်ဆွဲနှုတ်ဆက်မယ်လို့ ပြောကြားခဲ့ပါတယ်။

ထရန့်က အခုပြိုင်ပွဲမှာ ပွဲတစ်ပွဲမှ လာရောက်ကြည့်ရှုခြင်း မရှိသေးပေမဲ့ ပြိုင်ပွဲပြင်ဆင်မှုကာလ တစ်လျှောက်လုံးနဲ့ ပြိုင်ပွဲကျင်းပနေစဉ်အတွင်းမှာတော့ အရေးပါတဲ့သူတစ်ယောက် ဖြစ်နေခဲ့ပါတယ်။

သူက ပွဲမကြည့်ဖြစ်ခဲ့ပေမဲ့ ဗိုလ်လုပွဲမှာတော့ ရှိနေမှာဖြစ်သလို ပြီးခဲ့တဲ့နွေရာသီက ကမ္ဘာ့ကလပ်များဖလားပြိုင်ပွဲတုန်းကလိုပဲ အနိုင်ရတဲ့အသင်းကို ကမ္ဘာ့ဖလားဆုဖလား ပေးအပ်တဲ့အခါမှာလည်း အဓိကနေရာကနေ ပါဝင်လာမှာပါ။

ထရန့်က စပိန် ဒါမှမဟုတ် အာဂျင်တီးနားအသင်းကို လက်ဆွဲနှုတ်ဆက်ပြီး ဆုဖလားပေးအပ်ဖို့ ရှိနေတာကြောင့် အစ်ဂလေစီးယပ်စ်က ထောင်ကျမှာ ကြောက်တာကြောင့် လက်ဆွဲနှုတ်ဆက်မှာဖြစ်ကြောင်း ဒီအပတ်ထဲမှာ နောက်ပြောင်ပြောဆိုခဲ့ပါတယ်။

"ဟုတ်တယ်လေ၊ ကျွန်တော် ထောင်မကျချင်ဘူးဗျ" လို့ အစ်ဂလေစီးယပ်စ်က ပြောင်နောက်နောက် ပြောခဲ့ပါတယ်။

"ဒါက ကျွန်တော် စဉ်းစားထားတဲ့အရာပါ၊ စိတ်တောင်ကူးကြည့်ဖူးပါတယ်။ အားလုံးပျော်နေတဲ့အချိန်မှာ သူ့ကို နှုတ်ဆက်နိုင်ဖို့ မျှော်လင့်သလို ဒီကိစ္စကို မြန်မြန်ဆန်ဆန် ပြီးသွားစေပြီး မေ့ပစ်လိုက်နိုင်ဖို့လည်း မျှော်လင့်ပါတယ်။ တစ်ခါတလေကျရင် ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အခိုက်အတန့်တွေကို မေ့ပစ်လိုက်ဖို့လည်း လိုအပ်တယ်လေ" လို့ သူက ဆက်ပြောခဲ့ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲဟာ အငြင်းပွားစရာတွေ ဖန်တီးရမယ့်အချိန် မဟုတ်ဘူးလို့ သူက ယူဆနေပါတယ်။

"လူတွေက ကျွန်တော့်ရဲ့ သဘောထားတွေကို သိကြပြီးသားပါ။ ကျွန်တော် အများကြီး လုပ်ချင်ပေမဲ့ တကယ်တမ်းကျတော့ လူတွေထင်သလို ကျွန်တော်က အစွမ်းထက်နေတာမျိုး မဟုတ်ပါဘူး၊ တချို့အရာတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကျွန်တော့်မှာ အဲဒီလောက် အင်အားမရှိပါဘူး။ အမှန်အတိုင်းပြောရရင် ဒါက တကယ်ကို ရှုပ်ထွေးပါတယ်" လို့ ဆိုပါတယ်။

France24 သတင်းဌာနရဲ့ ဖော်ပြချက်အရ ထရန့် လာရောက်မယ့် အစီအစဉ်အတွက် လုံခြုံရေး အထူးတင်းကျပ်ထားမှာဖြစ်ပြီး သူက နယူးဂျာစီက သူ့ရဲ့ ဂေါက်သီးကလပ်ကနေ လာရောက်မှာဖြစ်လို့ အားကစားကွင်းပတ်ဝန်းကျင်မှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ထားမှာလည်း ဖြစ်ပါတယ်။ ဒါဟာ ဒီနှစ်အတွင်း သူ့ရဲ့ အကြီးကျယ်ဆုံး လူလုံးထွက်ပြမှု ဖြစ်လာနိုင်ပါတယ်။