ရီးရဲလ်မက်ဒရစ်နဲ့အပြောင်းအရွှေ့ကိစ္စ နောက်ဆုံးဆုံးဖြတ်ချက်ကို ဘိုင်ယန်မြူးနစ်ဆီ အသိပေးထားတဲ့ အိုလီစီ
မိုက်ကယ်အိုလီစီက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့သွားနိုင်တဲ့ကိစ္စအပေါ် သူ့ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို ဘိုင်ယန်မြူးနစ်အသင်းထံ အသိပေးလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၄ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ရာသီ၊ ဘိုင်ယန်မြူးနစ်အတွက် ၅၇ ပွဲပါဝင်ကစားရာမှာ ၂၅ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂၈ ကြိမ်ပြုလုပ်ပေးခဲ့ပြီးနောက် ကမ္ဘာ့အဆင့်ကြယ်ပွင့်တစ်ဦးအဖြစ် အခိုင်အမာရပ်တည်လာနိုင်ပါတယ်။
အခုလို ခြေစွမ်းပြနိုင်မှုကြောင့် အိုလီစီကို ရီးရဲလ်မက်ဒရစ်အသင်း အကြီးအကျယ်စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်ကတော့ ပြင်သစ်ကြယ်ပွင့်ကို ရောင်းချသွားဖို့ အစီအစဉ်မရှိဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
Sky Sports ရဲ့သတင်းတစ်ရပ်မှာ အိုလီစီကိုယ်တိုင် ဘိုင်ယန်မြူးနစ်ဆီ အပြောင်းအရွှေ့ကိစ္စအတွက် ဆက်မကြိုးစားဘဲ အသင်းမှာပဲ ဆက်ရှိနေချင်တယ်လို့ အသိပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒီတောင်ပံကစားသမားက အလိုင်းယန့်ဇ်အရီနာကွင်းမှာ ၂၀၂၉ ခုနှစ်အထိ ရေရှည်စာချုပ်တစ်ရပ် ရှိနေပြီး ဘိုင်ယန်မြူးနစ်ဘက်ကလည်း သူ့ရဲ့စာချုပ်ကို ထပ်မံသက်တမ်းတိုးသွားဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။