ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ယူရို သန်း ၁၀၀ ကျော် ပေးချေဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာယူနိက်တက်
မန်ချက်စတာယူနိက်တက်အသင်းဟာ ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ အော်ရီလီယန် ချူအာမေနီကို ခေါ်ယူဖို့အတွက် ယူရို သန်း ၁၀၀ ကျော်အထိ ပေးချေဖို့ ပြင်ဆင်နေတယ်လို့ သတင်းများအရ သိရပါတယ်။ ကတ်စီမီရို အသင်းကနေ ထွက်ခွာသွားပြီးနောက်ပိုင်း မန်ချက်စတာယူနိက်တက်အနေနဲ့ ဒီနွေရာသီမှာ ထိပ်တန်းကွင်းလယ်လူအသစ်တစ်ယောက်ကို ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတာက အားလုံးအသိပဲ ဖြစ်ပါတယ်။ မိုက်ကယ်ကားရစ်ရဲ့အသင်းဟာ သူတို့ပစ်မှတ်ထားခဲ့တယ်လို့ သတင်းထွက်ခဲ့တဲ့ မားတီးယပ်စ် ဖာနန်ဒက်စ်၊ အဲလီယော့ အန်ဒါဆန်နဲ့ ဆန်ဒရို တိုနာလီတို့ကို ခေါ်ယူခွင့် လွဲချော်ခဲ့ပြီးသားလည်း ဖြစ်ပါတယ်။ အခုအခါမှာတော့ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ သူတို့ဟာ အသက် ၂၆ နှစ်အရွယ် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ချူအာမေနီဆီကို အာရုံပြောင်းလာခဲ့ပြီး သူ့ကိုခေါ်ယူနိုင်ဖို့အတွက် ငွေအမြောက်အမြား အသုံးပြုဖို့လည်း ဆန္ဒရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်က ချူအာမေနီရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ဆုံးဖြတ်ချက် မချရသေးပေမဲ့ ပြင်သစ်လက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိက်တက်က ယူရို သန်း ၁၀၀ ကျော်အထိ ပေးချေဖို့ ပြင်ဆင်ထားတယ်လို့ ရိုမာနိုက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ချူအာမေနီဟာ သူတို့ရဲ့ တစ်ဦးတည်းသော ကွင်းလယ်လူပစ်မှတ်မဟုတ်ဘဲ ဘုန်းမောက်အသင်းရဲ့ အဲလက်စ်စကော့ကိုလည်း သီးခြားအပြောင်းအရွှေ့တစ်ခုအနေနဲ့ ခေါ်ယူဖို့ ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။