The network connection is lost.

Banner Image

လီဗာပူးဆီ နည်းပြအဖြစ်ပြန်လာဖို့ မရှိသေးဘူးလို့ ငြင်းဆိုလိုက်တဲ့ သီယာဂို

လီဗာပူးပရိသတ်တွေရဲ့အချစ်တော်သီယာဂိုက အသင်းဆီ နည်းပြတစ်ဦးအဖြစ် ပြန်လာမယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့လအတွင်း လီဗာပူးသတင်းထောက်ဒေးဗစ်လင့်ချ်က နည်းပြသစ်အန်ဒိုနီအီရာအိုလာရဲ့ နည်းပြအဖွဲ့မှာ ကစားသမားဟောင်းတစ်ဦး ထည့်သွင်းမယ်လို့ ပြောဆိုခဲ့မှုမှတဆင့် သီယာဂို ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

သီယာဂိုက နည်းပြဟောင်းယာဂန်ကလော့ပ်လက်အောက် သုံးနှစ်ကြာကစားခဲ့ပြီး အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒီစပိန်ကစားသမားက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကုန်ဆုံးချိန် လီဗာပူးနဲ့စာချုပ်သက်တမ်းပြည့်မြောက်ပြီးနောက် ကစားသမားဘ၀ အနားယူခဲ့ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာဆီ နည်းပြဟန်စီဖလစ်ခ်ရောက်ရှိလာချိန် သူက နည်းပြအဖွဲ့မှာ ခေတ္တခဏ ပါဝင်ကူညီပေးခဲ့ပါတယ်။

မာဆေးဆိုဒ်ဆီ ပြန်လာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန် လီဗာပူးနည်းပြအဖွဲ့မှာ ပါဝင်ဖို့ စိတ်ဝင်စားသလားဆိုတဲ့ သရဲနီကြယ်ပွင့်ဟောင်းဖာဒီနန်ရဲ့မေးမြန်းမှုကို သီယာဂိုက သူ့မှာ အရည်အချင်းမပြည့်မီသေးဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

"မဟုတ်ပါဘူးဗျာ၊ ကျွန်တော့်မှာ နည်းပြလိုင်စင်တွေ မရှိသေးပါဘူး။ နည်းပြတစ်ဦးဖြစ်လာဖို့ လုံလောက်တဲ့လိုင်စင်မျိုး ကျွန်တော့်မှာ မရှိသေးလို့ပါ" လို့ သီယာဂိုက ပြောပါတယ်။

ဒါ့အပြင် ဗြိတိန်နိုင်ငံစည်းမျဉ်းတွေအရ အသင်းကြီးရဲ့နည်းပြအဖွဲ့ဝင်အဖြစ် အမြဲတမ်းတာဝန်ယူဖို့ဆိုရင် UEFA Pro လိုင်စင် သို့မဟုတ် UEFA A လိုင်စင် ရှိထားဖို့ လိုအပ်ပါတယ်။

ဒါကြောင့် သီယာဂိုက လီဗာပူးမှာဖြစ်ဖြစ်၊ ယူကေမှာဖြစ်ဖြစ် အမြဲတမ်းနည်းပြတာဝန်ကို ရယူချင်တယ်ဆိုရင် အသိအမှတ်ပြုလိုင်စင်ရရှိအောင် ကြိုးစားသွားရဖို့ ရှိနေပြီး ဒီလုပ်ငန်းစဉ်တွေက လနဲ့ချီ ကြာမြင့်နိုင်ပါတယ်။