အီဆက်ခ်အတွက် ကမ်းလှမ်းလာမှုတွေကို ပယ်ချသွားဖို့ အဆင်သင့်ရှိနေတဲ့ လီဗာပူး
အီဆက်ခ်အပေါ် ဘာစီလိုနာရဲ့စိတ်ဝင်စားမှု တိုးပွားလာနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ လီဗာပူးကတော့ ဆွီဒင်တိုက်စစ်မှူးအတွက် ရောက်ရှိလာမယ့် ကမ်းလှမ်းမှုမျိုးစုံကို ပယ်ချသွားဖို့ အဆင်သင့်ရှိနေပါတယ်။
ပြင်သစ်ကိုရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာလာရပြီးနောက် အီဆက်ခ်က အခုကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ဆွီဒင်အတွက် တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုသုံးကြိမ် ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း နယူးကာဆယ်မှ လီဗာပူးဆီ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာတဲ ့အီဆက်ခ်က ယမန်နှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့အတူ ရုန်းကန်ခဲ့ရပြီး လေးဂိုးသွင်း၊ ဂိုးဖန်တီးမှုတစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သူက အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြသခဲ့လို့ ဘာစီလိုနာရဲ့စိတ်ဝင်စားမှု ရရှိနေတယ်လို့ Mundo Deportivo နဲ့ Daily Mail တို့က ဖော်ပြပါတယ်။ ဒါ့အပြင် ဘာစီလိုနာက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ခြေစွမ်းပိုင်းကြောင့် အီဆက်ခ်ရဲ့ပြောင်းရွှေ့ကြေးတန်ဖိုး အတော်လေးကျဆင်းနေလိမ့်မယ်လို့ တွက်ဆထားပြန်ပါတယ်။
စပိန်ထိပ်သီးကလပ်ဘာစီလိုနာက ချီကာဂိုဖိုင်းယားအသင်းဆီ ပြောင်းရွှေ့သွားတဲ့ လီဝန်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဘိုင်ယန်မြူးနစ်ရဲ့ဟာရီကိန်းနဲ့ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဂျူလီယန အယ်လ်ဗာရက်ဇ်တို့ကိုလည်း ပစ်မှတ်ထားစောင့်ကြည့်နေပါတယ်။
ဒါပေမဲ့ သက်ဆိုင်ရာကလပ်အသင်းတွေကိုယ်တိုင် ရာသီသစ်ကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့အတွက် သူတို့ရဲ့အဓိကတိုက်စစ်မှူးတွေကို နွေရာသီမှာရောင်းချဖို့ ဆန္ဒမရှိကြလို့ ဒီတိုက်စစ်မှူးသုံးဦလုံးကို ဘာစီလိုနာအတွက် ခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
အီဆက်ခ်ရဲ့စာချုပ်သက်တမ်းက ၂၀၃၁ ခုနှစ်အထိ ရှိနေပြီး လီဗာပူးကလည်း တစ်နှစ်အကြာမှာတင် သူ့ကို ပြန်ရောင်းထုတ်ဖို့ဆိုတာ အတော်လေးမဖြစ်နိုင်ပါဘူး။ အခုလို ကမ္ဘာ့ဖလားပြိုင်ပွဲခြေစွမ်းပြသခဲ့လို့ နည်းပြသစ်အီရာအိုလာက လာမယ့်ရာသီ၊ ချန်ပီယံဆုတိုက်ပွဲမှာ အီဆက်ခ်ကို ကြံ့ခိုင်မှုပြည့်ပြည့်၀၀ဖြင့် အသင်းနဲ့အတူ ဆက်ရှိနေစေဖို့ အလေးထားဆောင်ရွက်သွားပါလိမ့်မယ်။