သတ်မှတ်ထားချိန်ထက် ပိုမိုစောစီးစွာ လီဗာပူးအသင်းနဲ့ ပြန်ပူးပေါင်းလာနိုင်တဲ့ အီကီတီကီ
လီဗာပူးနည်းပြသစ်အီရာအိုလာအတွက် အားတက်စရာအဖြစ် တိုက်စစ်မှူးအီကီတီကီကို မျှော်လင့်ထားချိန်ထက် ပိုမိုစောစီးစွာ မြက်ခင်းပြင်ပေါ် ပြန်လည်မြင်တွေ့ရဖို့ နီးစပ်နေပါတယ်။
ပြီးခဲ့တဲ့ဧပြီလအတွင်း ပီအက်စ်ဂျီကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အရှိန်မြှင့်ပြေးလွှားဖို့ကြိုးပမ်းချိန် အီကီတီကီမှာ ဖနောင့်ကြွက်သားအရွတ်စုတ်ပြဲဒဏ်ရာ ရရှိသွားခဲ့ပြီး ဒဏ်ရာပြန်လည်သက်သာလာစေဖို့ ၉ လဝန်းကျင် ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါကြောင့် ပြင်သစ်တိုက်စစ်မှူးက အနည်းဆုံး ၂၀၂၇ ခုနှစ်၊ နှစ်ဆန်းပို်ငးလောက်အထိ အနားယူသွားရဖို့ရှိပြီး ဒီနောက်ပိုင်းမှသာ ဘောလုံးပြန်ကစားနိုင်မယ်လို့ ယူဆခဲ့ကြပါတယ်။
ဒါပေမဲ့ L’Equipe သတင်းဌာနရဲ့အဆိုအရ ဒီပြင်သစ်လူမျိုးတိုက်စစ်မှူးက လာမယ့်ဆောင်းဦးရာသီမှာ လေ့ကျင့်ရေးတွေ ပြန်လည်စတင်နိုင်ဖို့ ရည်မှန်းထားပြီး လီဗာပူးအသင်းရဲ့ဒီဇင်ဘာ ၂၆ ရက်(Boxing Day) ပွဲစဉ်ကို ပါဝင်ကစားဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
အီကီတီကီက ဒဏ်ရာမရရှိမီ ပြိုင်ပွဲစုံ ၁၇ ဂိုးအထိ သွင်းယူပေးထားခဲ့ပြီး လာမယ့်ဒီဇင်ဘာလ၊ တိုက်စစ်ပိုင်းမှာ အီဆက်ခ်နဲ့အတူ ပြန်လည်ပါဝင်လာနိုင်မယ်ဆိုရင် ဒုတိယရာသီဝက်ကာလကို ဖြတ်သန်းရမယ့် နည်းပြအီရီအိုလာအတွက် ကြီးမားတဲ့အားသာချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။
အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ အီကီတီကီအတွက် တောက်ပတဲ့အနာဂတ် ရှိနေပြီး လီဗာပူးအသင်းကလည်း နောက်ထပ်ဒဏ်ရာအခြေအနေတွေ ပိုမိုဆိုးရွားမသွားစေဖို့အတွက် သူအဆင်သင့်မဖြစ်သေးမီ ကွင်းတွင်းပြန်လည်ထည့်သွင်းသွားဖို့ အလျင်စလိုလုပ်ဆောင်သွားဖို့ မရှိပါဘူး။