The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား ၁၀ ဦး

ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ဘယ်သူတွေက အကောင်းဆုံးကစားသမားတွေ ဖြစ်မလဲ။ ပီလီ၊ မက်ဆီနဲ့ မာရာဒိုနာတို့အားလုံးမှာ ခိုင်မာတဲ့သက်သေပြချက်တွေ ရှိထားကြပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ လူတိုင်းပါဝင်ယှဉ်ပြိုင်ချင်ကြတဲ့ အိပ်မက်ကမ္ဘာကြီးဖြစ်သလို သာမန်အဆင့်မှ ထူးချွန်ပြောင်မြောက်တဲ့ဂန္တဝင်ကစားသမားတွေဖြစ်လာဖို့ အဆင့်မြှင့်တင်ပေးနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အခုတော့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲအရေအတွက်နဲ့ စွမ်းဆောင်ရည်၊ သွင်းဂိုးအပါအဝင် မတူညီတဲ့ကိန်းဂဏန်းအချက်အလက်တွေကို မူတည်ပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အကောင်းဆုံး ထိပ်တန်းကစားသမား ၁၀ ဦးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

(၁၀) ကလိုဆေး
၂၀၀၂ ခုနှစ်၊ ကမ္ဘာ့ဖလားပွဲဦးထွက်ပွဲစဉ်မှာတင် ကလိုဆေးက ဟတ်ထရစ်သွင်းယူပြီး ကစားသမားဘ၀ရှေ့ခရီးလမ်းတလျှောက် အောင်မြင်မယ့် အရိပ်လက္ခဏာတွေကို ပြသခဲ့ပါတယ်။

သူက အဲ့ဒီပြိုင်ပွဲကာလတလျှောက်လုံး ဂျာမနီအသင်းနဲ့အတူ ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပြီး ဘရာဇီးကိုရှုံးနိမ့်ကာ ဒုတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

ဒီတိုက်စစ်မှူးက နောက်ထပ် ၁၂ နှစ်အကြာမှာလည်း ဒုတိယမြောက်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အဲ့ဒီအချိန်မှာတော့ အာဂျင်တီးနားကို အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

ဘရာဇီးကို ၇-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ဆီမီးဖိုင်နယ်ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ဂိုးအပါအဝင် ကလိုဆေးက သွင်းဂိုး ၁၆ ဂိုးဖြင့် ကမ္ဘာ့ဖလားသမိုင်းတလျှောက်ဂိုးအများဆုံးသွင်းယူနိုင်တဲ့ကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ လာဇီယိုတိုက်စစ်မှူးဟောင်းက ၂၀၀၂ ပြိုင်ပွဲမှာ ၅ ဂိုး၊ ၂၀၀၆ ခုနှစ်မှာ ၅ ဂိုး၊ ၂၀၁၀ မှာ ၄ ဂိုးနဲ့ ၂၀၁၄ မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

သူက အသက် ၃၆ နှစ်အရွယ်မှာ ကမ္ဘာ့ဖလားချန်ပီယံဆုဆွတ်ခူးပြီးနောက် တစ်လအကြာမှာပဲလက်ရွေးစင်ကစားသမားဘ၀ကို စွန့်လွှတ်ခဲ့ပါတယ်။

(၉) ကာဖူး
ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးညာအစွန်နောက်ခံလူတွေအနက် တစ်ဦးဖြစ်တဲ့ ကာဖူးက ကမ္ဘာ့ဖလားဗိုလ်လုပွဲသုံးကြိမ်ဆက် ပါဝင်ကစားခွင့်ရရှိတဲ့ တစ်ဦးတည်းသောကစားသမား ဖြစ်ပါတယ်။

သူက ၁၉၉၄ ခုနှစ်မှာ ဘရာဇီးအသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့ဖူးသလို ၁၉၉၈ ခုနှစ်မှာ ဒုတိယဆုရရှိခဲ့ပြီး ၂၀၀၂ ခုနှစ်မှာတော့ ဒီကျော်ကြားတဲ့ ဆုဖလားကြီးကို အသင်းခေါင်းဆောင်အဖြစ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

သူက ၂၀၀၆ ပြိုင်ပွဲမှာလည်း နိုင်ငံ့လက်ရွေးစင်အသင်းကပ္ပတိန်အဖြစ် ဦးဆောင်ပါဝင်ခဲ့ကာ ကွာတားဖိုင်နယ်အထိ တက်ရောက်ခဲ့ပြီးနောက် လက်ရွေးစင်ကစားသမားဘ၀ကို အဆုံးသတ်ခဲ့ပါတယ်။

ရိုးမားနဲ့ အေစီမီလန်နောက်ခံလူဟောင်းက ကမ္ဘာ့ဖလားပွဲစဉ်စုစုပေါင်းပွဲ ၂၀ အထိ ပါဝင်ကစားခဲ့ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသွင်းဂိုးတော့ မရရှိခဲ့ပါဘူး။

(၈) ဘတ်ကင်ဘောင်ဝါ
ဘတ်ကင်ဘောင်ဝါက ၁၉၉၀ ပြည့်နှစ်၊ အနောက်ဂျာမနီအသင်းကို ကမ္ဘာ့ဖလားအောင်မြင်မှုရရှိအောင် ဦးဆောင်ပေးခဲ့ပြီးနောက် ကစားသမားအဖြစ်သာမက နည်းပြအဖြစ်ပါ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ ဒုတိယမြောက်ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။

ကစားသမားဘ၀မှာ သူက ၁၉၆၆ ခုနှစ်၊ ကမ္ဘာ့ဖလားပွဲဦးထွက်ပွဲစဉ်မှာတင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူပါဝင်တဲ့ အနောက်ဂျာမနီအသင်းက ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပြီး အင်္ဂလန်အသင်းကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

နောက်လေးနှစ်အကြာမှာလည်း ဘတ်ကင်ဘောင်ဝါရဲ့အနောက်ဂျာမနီအသင်းက ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ပြိုင်ပွဲမှ ထွက်ခွာလာရပြန်ပါတယ်။

ဒါပေမဲ့ ဘိုင်ယန်မြူးနစ်ဂန္ထဝင်ဘတ်ကင်ဘောင်ဝါက ၁၉၇၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ နယ်သာလန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး အသင်းကို ချန်ပီယံဖြစ်အောင် အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပေးခဲ့ပါတယ်။

(၇) ဂါရင်ချာ
၁၉၅၈ ခုနှစ်နဲ့ ၁၉၆၂ ခုနှစ်တွေမှာ ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ဂါရင်ချာက ပထမဆုံးဗိုလ်လုပွဲဖြစ်တဲ့ ဆွီဒင်ကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။

သူ့ခေတ်သူ့အခါမှာတော့ နည်းစနစ်ပိုင်းအကောင်းဆုံး၊ ထိုးဖောက်ဖန်တီးပေးနိုင်စွမ်းအမြင့်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ပီလီဒဏ်ရာရရှိသွားချိန် အသင်းကို အကောင်းဆုံးဦးဆောင်ပေးခဲ့ပါတယ်။ ဂါရင်ချာက ၁၉၆၂ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ကာ ပြိုင်ပွဲရဲ့သွင်းဂိုးအများဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

၁၉၆၆ ခုနှစ်မှာတော့ ဘရာဇီးအသင်းက အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပါတယ်။ ဒုတိယမြောက်ပွဲစဉ်အဖြစ် ဟန်ဂေရီကို ရှုံးနိမ့်ခဲ့မှုကတော့ ဂါရင်ချာရဲ့ကစားသမားဘဝ ပွဲ ၅၀ ပြည့်နဲ့ နောက်ဆုံးသော လက်ရွေးစင်အဆင့်ပွဲစဉ် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူက နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀မှာ အဲ့ဒီဟန်ဂေရီနဲ့ပွဲစဉ်တစ်ခုတည်းကိုသာ ရှုံးနိမ့်ခဲ့ဖူးပါတယ်။

ဘရာဇီးအသင်းအတွက် သူသွင်းယူပေးခဲ့ဖူးတဲ့ ဂိုးတွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်က ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ဖြစ်ပါတယ်။

(၆) လိုသာမားသီးယက်စ်
၂၀၂၂ ခုနှစ်၊ မက်ဆီမရောက်လာခင်အချိန်အထိ လိုသာမားသီးယက်စ်က ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားထားတဲ့ကစားသမား(၂၅ ပွဲ)အဖြစ် စံချိန်တင်ထားခဲ့ပါတယ်။

သူ့ရဲ့ပါဝင်ကစားခွင့်ရရှိမှုတွေမှာ မတူညီတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်အထိ ရှိခဲ့ပြီး ကွင်းလယ်ကစားသမားတစ်ဦးအတွက်ဆိုရင် သူ့ရဲ့ရှေ့မှာ ဘယ်သူမှ မစွမ်းဆောင်နိုင်ခဲ့တဲ့ စံချိန် ဖြစ်ပါတယ်။

၁၉၈၆ ခုနှစ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် လိုသာမားသီးယက်စ်က အနောက်ဂျာမနီအသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး ၁၉၉၀ ပြည့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ကာ အဲဒီနှစ်မှာပဲ ဘော်လွန်းဒီအော်ဆုရှင် ဖြစ်လာခဲ့ပါတယ်။

ဒီကွင်းလယ်လူက ဂျာမနီနိုင်ငံနှစ်ခုပေါင်းစည်းသွားပြီးနောက် နိုင်ငံ့လက်ရွေးစင်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုမှာ ပါဝင်ကစားခဲ့ပြီး နှစ်ကြိမ်လုံး ကွာတားဖိုင်နယ်အဆင့်အထိ ရောက်ရှိခဲ့ပါတယ်။

(၅) ဂတ်မူလာ
မူလာက ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်သာ ပါဝင်ကစားခဲ့ပေမဲ့ ၁၃ ပွဲကစား၊ ၁၄ ဂိုး သွင်းယူပြီး ၃၂ နှစ်တိုင်တိုင် ကမ္ဘာ့ဖလားသမိုင်းတလျှောက်သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

၁၉၇၀ ပြည့်နှစ်၊ အနောက်ဂျာမနီအသင်းနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သူ့ရဲ့ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲက တကယ့်ကို ထူးခြားပြောင်မြောက်ခဲ့ပါတယ်။ သူက အုပ်စုအဖွင့်ပွဲစဉ်မှာ တစ်ဂိုးသွင်းယူခဲ့သလို နောက်ထပ်အုပ်စုပွဲစဉ်နှစ်ခုစလုံးမှာလည်း ဟတ်ထရစ် သွင်းယူခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာ တစ်ဂိုး သွင်းယူခဲ့သလို ဆီမီးဖိုင်နယ်မှာလည်း နှစ်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမဲ့ သူ့ရဲ့အသင်းကတော့ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။

ဒါပေမဲ့ မူလာက ဂျိုဟန်ခရိုက်ဖ်ဦးဆောင်တဲ့ 'Total Football' နယ်သာလန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ၁၉၇၄ ခုနှစ်ဗိုလ်လုပွဲမှာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မူလာရဲ့ကမ္ဘာ့ဖလားအောင်မြင်မှုတွေအကြောင်းပြောရာမှာ လူအတော်များများမေ့လျော့နေလေ့ရှိတဲ့ အချက်ကတော့ သူက ကစားခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွင်း ဂိုးဖန်တီးပေးမှုငါးကြိမ်အထိ ပြုလုပ်ပေးခဲ့တယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။

(၄) ရိုနယ်ဒို
မူလာရဲ့ကမ္ဘာ့ဖလားသွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သူကတော့ ရိုနယ်ဒိုဖြစ်ပါတယ်။ သူက ၁၉၉၄ ခုနှစ် ဘရာဇီးအသင်းချန်ပီယံဖြစ်ခဲ့ချိန် အသက် ၁၇ နှစ်အရွယ်နဲ့ အရန်ခုံမှာသာ ရှိခဲ့ဖူးပြီး ၁၉၉၈၊ ၂၀၀၂ နဲ့ ၂၀၀၆ ပြိုင်ပွဲတွေမှာ ဘရာဇီးအတွက် အဓိကအခန်းကဏ္ဍမှ ခြေစွမ်းပြသခဲ့ပါတယ်။

ရိုနယ်ဒိုက ၁၉၉၈ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့ပြီး လေးဂိုးသွင်းယူကာ ဘရာဇီးအသင်းကို ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒီဗိုလ်လုပွဲမတိုင်ခင် သူက အဖျားဝေဒနာခံစားခဲ့ရပြီး ပြင်သစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ သူ့ရဲ့စွမ်းဆောင်ရည်ပိုင်း ကျဆင်းခဲ့ပေမဲ့ ပြိုင်ပွဲရဲ့ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်သူအဖြစ် သတ်မှတ်ခံရသလို ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

နောက်တစ်ကြိမ်ပြိုင်ပွဲမှာတော့ ရိုနယ်ဒိုက အတိတ်ကာလထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ သူက ဗိုလ်လုပွဲခရီးစဉ်အတွင်း ခြောက်ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဂျာမနီနဲ့ရင်ဆို်ငရတဲ့ ဗိုလ်လုပွဲမှာလည်း အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးလုံးကို သွင်းယူပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရိုနယ်ဒိုက ဘော်လွန်းဒီအော်ဆုကို ဆက်လက်သိမ်းပိုက်ခဲ့ပါတယ်။

ရိုနယ်ဒိုက ၂၀၀၆ ခုနှစ်၊ သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ထပ်သုံးဂိုး ထပ်မံသွင်းယူနိုင်ခဲ့လို့ စုစုပေါင်းသွင်းဂိုး ၁၅ ဂိုးအထိ ရှိလာခဲ့ပေမဲ့ ဘရာဇီးအသင်းနဲ့အတူ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရပါတယ်။

သူက ကစားသမားဘ၀အထွဋ်အထိပ်ကာလမှာ ပြိုင်ဘက်အားလုံးကို လွှမ်းမိုးထားနိုင်ခဲ့ပြီး အဲ့ဒီကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ၂၀၁၁ ခုနှစ်၊ ဇွန်လ ကစားသမားဘ၀နှုတ်ဆက်ချိန်အထိ နိုင်ငံ့လက်ရွေးစင်အသင်းတွက် ထပ်မံကစားပေးခြင်း မရှိတော့ပါဘူး။

(၃) မက်ဆီ
မက်ဆီဟာ လူအများစုအတွက်တော့ သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမား(GOAT) ဖြစ်ပေမဲ့ ဒီဆောင်းပါးမှာတော့ သူ့ကို တတိယမြောက်အကောင်းဆုံးကစားသမားအဖြစ်သာ သတ်မှတ်ပါရစေ။

မက်ဆီက ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို သူ့ရဲ့ငါးကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အာဂျင်တီးနားကြယ်ပွင့်က ၂၀၀၆ ခုနှစ်၊ အသက် ၁၉ နှစ်မပြည့်မီ ရက်ပိုင်းအလို၊ ကမ္ဘာ့ဖလားပွဲဦးထွက်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မက်ဆီက ပြင်သစ်နဲ့ကစားခဲ့တဲ့ ၂၀၂၂ ခုနှစ်ဗိုလ်လုပွဲမှာ နှစ်ဂိုးသွင်းယူပေးခဲ့ပြီး အုပ်စုအဆင့်မှာ နှစ်ဂိုး၊ ၁၆ သင်းအဆင့်၊ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာလည်း တစ်ဂိုးစီ သွင်းယူပေးနိုင်ခဲ့လို့ ကမ္ဘာ့အခမ်းနားဆုံးပြိုင်ပွဲကြီးမှာ သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းကို သက်သေပြနိုင်ခဲ့ပါတယ်။

ဒါကြောင့် သူကိုယ်တိုင်လည်း ကမ္ဘာ့ဖလားပွဲစဉ် ၂၆ ပွဲအထိ ပါဝင်ကစားပြီး လိုသာမားသီးယက်စ်ရဲ့စံချိန်ကို ကျော်ဖြတ်ကာ ပြိုင်ပွဲရဲ့ပွဲအများဆုံးကစားထားသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အခုတော့ ကမ္ဘာ့ဖလားသွင်းဂိုး ၁၃ ဂိုးအထိ ရရှိထားတဲ့ မက်ဆီက သူ့ရဲ့ဆဋ္ဌမမြောက်ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီး ကလိုဆေးရဲ့စံချိန်ကို ကျော်ဖြတ်သွားနိုင်မလား စောင့်ကြည့်သွားရပါမယ်။

(၂) မာရာဒိုနာ
၁၉၈၆ ခုနှစ်၊ အင်္ဂလန်နဲ့ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားအတွက် မာရာဒိုနာရဲ့အစွမ်းပြသမှုတွေထက် ပိုမိုကျော်ကြားတဲ့အခိုက်အတန့်မျိုး မရှိတော့ပါဘူး။

ပထမဦးစွာ သူက ဘုရားပေးသောလက်၊ 'Hand of God' ဂိုးကို သွင်းယူခဲ့ပါတယ်။ အဲဒီနောက်မိနစ်အနည်းငယ်အကြာမှာပဲ တစ်ကိုယ်တော်စွမ်းဆောင်ရည်ကောင်းနဲ့အတူ အာဂျင်တီးနားအတွက် အကောင်းဆုံးသွင်းဂိုးတစ်ဂိုးကို ရယူခဲ့ပါတယ်။

ဆီမီးဖိုင်နယ်အဖြစ် ဘယ်လ်ဂျီယံနဲ့ပွဲစဉ်မှာလည်း နောက်ထပ်နှစ်ဂိုး သွင်းယူပေးခဲ့သလို ဗိုလ်လုပွဲမှာလည်း မာရာဒိုနာက အသင်းခေါင်းဆောင်အဖြစ် အာဂျင်တီးနားအသင်းကို ဦးဆောင်ကာ အနောက်ဂျာမနီအသင်းကို အနိုင်ယူခဲ့ပါတယ်။ ဒီအောင်ပွဲကြောင့် အာဂျင်တီးနားအတွက် ဒုတိယအကြိမ်မြောက်ကမ္ဘာ့ဖလားချန်ပီယံဆု ဖြစ်လာခဲ့ပါတယ်။

၁၉၈၆ ခုနှစ်ပြိုင်ပွဲကို မာရာဒိုနာက ဒုတိယအကြိမ်မြောက်ပြိုင်ပွဲအဖြစ် ပါဝင်ကစားခဲ့ပြီး ၁၉၈၂ ခုနှစ်မှာလည်း အုပ်စုဒုတိယအဆင့်အထိ ပါဝင်ကစားခဲ့ဖူးပါတယ်။

မာရာဒိုနာက ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပေမဲ့ အနောက်ဂျာမနီအသင်းကိုမကျော်ဖြတ်နိုင်ဘဲ ဒုတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

ဥရောပဘောလုံးလောကမှ သူ့ရဲ့မွေးရပ်မြေကလပ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးနောက် မာရာဒိုနာက ၁၉၉၄ ခုနှစ်၊ အသက် ၃၃ နှစ်အရွယ်မှာ သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားခဲ့ပေမဲ့ တားမြစ်ဆေးပြဿနာကြောင့် ပွဲပယ်ပြစ်ဒဏ်မချမှတ်ခံရမီ ၂ ပွဲသာ ကစားခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း သူက လက်ရွေးစင်အဆင့်ပွဲစဉ်တွေ ထပ်မကစားခဲ့ပါဘူး။

(၁) ပီလီ
သမိုင်းတစ်လျှောက်အကောင်းဆုံး(GOAT)အငြင်းပွားမှုတွေ မပေါ်ပေါက်မီကတည်းက အကောင်းဆုံးခြေစွမ်းပြသခဲ့သူဖြစ်ပြီး ပီလီရဲ့အဓိကသမိုင်းဝင်အောင်မြင်မှုတွေကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွင်း ခြေစွမ်းပြသနိုင်ခဲ့မှုမှတဆင့် စတင်ခဲ့ပါတယ်။

ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုသုံးကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ ပီလီက ၁၉၅၈ ခုနှစ်၊ ပထမဆုံးအကြိမ်ချန်ပီယံဖြစ်ခဲ့ချိန် အသက် ၁၇ နှစ်အရွယ်သာ ရှိပါသေးတယ်။ ဆွီဒင်နဲ့ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ နှစ်ဂိုးသွင်းယူပေးခဲ့သလို ဆီမီးဖိုင်နယ်အဖြစ် ပြင်သစ်နဲ့ပွဲစဉ်မှာ ဟတ်ထရစ်၊ ကွာတားဖိုင်နယ်အဖြစ် ဝေးလ်စ်နဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းယူပေးနိုင်ခဲ့လို့ ဒီထူးခြားတဲ့ပါရမီရှင်လေးအတွက် အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုသက်သက်သာ ဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

ပီလီက ၁၉၆၂ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒဏ်ရာမရရှိမီ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပေမဲ့ သူ့ရဲ့အသင်းဖော်တွေကတော့ သူ့အတွက် နောက်ထပ်ဆုတံဆိပ်တစ်ခုရရှိအောင် ချန်ပီယံဆုကို အမိအရဆွတ်ခူးပေးခဲ့ပါတယ်။

၁၉၆၆ ခုနှစ်မှာ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် အသက် ၂၀ နှစ်ကျော်အရွယ်သာ ရှိသေးတဲ့ ပီလီက ၁၉၇၀ ပြည့်နှစ်မှာတော့ ဘရာဇီးအသင်းကို ချန်ပီယံပြန်ဖြစ်အောင် ဦးဆောင်ပေးခဲ့ပါတယ်။

ဆန်းတို့စ်ဂန္ထဝင်ကစားသမားက အုပ်စုအဆင့်မှာ သုံးဂိုးသွင်းယူခဲ့သလို အီတလီကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ဗိုလ်လုပွဲမှာလည်း တစ်ဂိုးသွင်း၊ နှစ်ဂိုးဖန်တီးကာ အကောင်းဆုံးခြေစွမ်းပြသခဲ့ပါတယ်။

၁၉၇၁ ခုနှစ်မှာ လက်ရွေးစင်ကစားသမားဘ၀ကို အဆုံးသတ်ခဲ့ပေမဲ့ ပီလီက လက်ရှိအချိန်အထိ ကမ္ဘာ့ဖလားချန်ပီယံဆု သုံးကြိမ်တိုင်ဆွတ်ခူးနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်နေသလို ပြိုင်ပွဲသမိုင်းတလျှောက် အကောင်းဆုံးကစားသမားနေရာအတွက်ပါ သမိုင်းဝင်တည်ရှိနေဆဲ ဖြစ်ပါတယ်။