ဘောလုံးပရိသတ်သစ်တွေအတွက် ၂၀၂၆ ကမ္ဘာ့ဖလားဆိုင်ရာအကြံပြုလမ်းညွှန်ချက်
ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ စိတ်လှုပ်ရှားစရာအရှိန်အဟုန်ကောင်းတွေကို မေ့ပစ်လိုက်ဖို့ဆိုတာ အလွန်ခက်ခဲလွန်းပါတယ်။
အခုအချိန်မှာ ဘောလုံးဆိုတာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးအားကစားနည်းဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကလည်း ကမ္ဘာ့ဂုဏ်သိက္ခာအရှိဆုံးဘောလုံးပြိုင်ပွဲကြီး ဖြစ်ပါတယ်။
အခုကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို နှစ် ၁၀၀ နီးပါးကြာ သက်တမ်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် မက္ကဆီကို၊ ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စုဆိုတဲ့ နိုင်ငံသုံးခုက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းသွားပါလိမ့်မယ်။
အဖွင့်ပွဲစဉ်ကို ဇွန် ၁၁ ရက်၊ မက္ကဆီကိုစီးတီးမှာ ကစားသွားဖို့ ပြင်ဆင်ထားပြီး ဗိုလ်လုပွဲကိုတော့ ဇူလိုင် ၁၉ ရက်၊ အမေရိကန်ပြည်ထောင်စုရဲ့ နယူးဂျာစီပြည်နယ်မှာ ကျင်းပသွားပါမယ်။
ဘောလုံးအားကစားကို စတင်စိတ်ဝင်စားလာသူတွေအတွက် သိထားသင့်တဲ့ အချက်တွေကတော့ ....
ကမ္ဘာ့ဖလားပြိုင်ပွဲကို လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိပါတယ်။ ၂၀၂၆ ခုနှစ်ရဲ့ပြိုင်ပွဲကတော့ နိုင်ငံလက်ရွေးစင်အသင်း ၄၈ ခု ဝင်ရောက်ယှဉ်ပြိုင်မယ့် သမိုင်းတစ်လျှောက် အကြီးမားဆုံးပြိုင်ပွဲကြီး ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေအရ ပြိုင်ပွဲဝင်အသင်းတွေကို အုပ်စု ၁၂ ခုအဖြစ် ခွဲခြားကာ တစ်အုပ်စုမှာ အသင်းလေးခုစီ ပါဝင်သွားပါလိမ့်မယ်။
အုပ်စုတစ်ခုချင်းစီရဲ့ ထိပ်ဆုံးအသင်းနှစ်ခုက နောက်တစ်ဆင့်ဖြစ်တဲ့ ၃၂ သင်းရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းခွင့် ရရှိသွားပါမယ်။
အုပ်စုအဆင့်မှာ တစ်ပွဲနိုင်ရင် သုံးမှတ်ရရှိပြီး သရေကျမယ်ဆိုရင် တစ်မှတ်၊ ရှုံးနိမ့်မယ်ဆိုရင်တော့ အမှတ်မရရှိပါဘူး။
၃၂ သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းခွင့်ရရှိမယ့် လက်ကျန်နေရာတွေကိုတော့ အုပ်စုတတိယရရှိတဲ့အသင်းတွေအနက် အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့တဲ့ အသင်းတွေနဲ့ ဖြည့်တင်းသွားပါမယ်။ ဒီအဆင့်မှာတော့ အသင်း ၁၆ ခုက ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ထွက်ခွာသွားရပါလိမ့်မယ်။
ပွဲစဉ်တစ်ခုရဲ့သာမန်ပွဲကစားချိန်ကို မိနစ် ၉၀ သတ်မှတ်ထားပြီး ၄၅ မိနစ်စီဖြင့် ပထမပိုင်း၊ ဒုတိယပိုင်း ခွဲခြားထားပါတယ်။ ကစားသမားတွေအတွက်တော့ ပွဲချိန်တစ်ဝက်ပြီးဆုံးချိန်တိုင်း ၁၅ မိနစ်ကြာ အနားယူခွင့် ရှိပါတယ်။
ပွဲကစားချိန်ကတော့ အမြဲတမ်းရွေ့လျားနေပြီး ရပ်နားထားဖို့ မရှိပါဘူး။ ကစားသမားတွေ ဒဏ်ရာရရှိလို့ ဆေးကုသချိန်၊ ပွဲရပ်နားချိန်တွေနဲ့ ပူပြင်းတဲ့ရာသီဥတုဒဏ်ကို ကာကွယ်ဖို့ ဖီဖာက မိတ်ဆက်ပေးထားတဲ့ ရေသောက်ချိန် (water breaks)တွေအတွက် နာကျင်အချိန်ပိုမိနစ်အချို့ကို ပွဲစဉ်တစ်ပိုင်းချင်းစီရဲ့နောက်ဆုံးမှာ ထည့်သွင်းပေးသွားပါလိမ့်မယ်။
အုပ်စုအဆင့်မှာတော့ အနိုင်၊ အရှုံး အဖြေပေါ်ဖို့ ပင်နယ်တီအဆုံးအဖြတ်ခံယူစရာ မလိုသေးပါဘူး။
အုပ်စုအဆင့်ကျော်လွန်သွားပြီးနောက် ဆက်ကစားရမယ့်ပွဲစဉ်တွေမှာတော့ သာမန်ပွဲကစားချိန်အတွင်း သရေကျနေရင် အချိန်ပိုမိနစ် ၃၀ ကြာ ဆက်ကစားရပါမယ်။ အချိန်ပိုမှာလည်း အနိုင်၊ အရှုံး မပေါ်သေးရင် ပယ်နယ်တီကန်သွင်းပြီး အဆုံးအဖြတ်ခံယူသွားရပါမယ်။
**အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် မြို့များက ဘယ်မြို့တွေ ဖြစ်မလဲ။**
မက္ကဆီကို: ဂွါဒါလာဟားရား၊ မွန်တာရေး၊ မက္ကဆီကိုစီးတီး
ကနေဒါ: တိုရွန်တို၊ ဗန်ကူးဗား
အမေရိကန်: အတ္တလန်တာ၊ ဘော့စတွန်၊ ဒဲလပ်စ်၊ ဟူစတန်၊ ကန်းဆက်စ်စီးတီး၊ လော့စ်အိန်ဂျလိစ်၊ မိုင်ယာမီ၊ နယူးယောက်/နယူးဂျာစီ၊ ဖီလာဒဲလ်ဖီးယား၊ ဆန်ဖရန်စစ္စကို၊ ဆီယက်တဲလ်
**ဗိုလ်စွဲဖို့ ဘယ်အသင်းတွေ ရေပန်းစားနေလဲ**
ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ကြိမ်တိုင်ဆွတ်ခူးဖူးတဲ့ ပြင်သစ်အသင်းနဲ့ ၂၀၁၀ ပြည့်နှစ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ စပိန်အသင်းတို့ကတော့ ဗိုလ်စွဲဖို့အတွက် အပြတ်အသတ်ရေပန်းစားနေပါတယ်။
ပြင်သစ်အသင်းမှာဆိုရင် ဥရောပထိပ်တန်းလိဂ်တွေမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ အမ်ဘာပေ၊ ဒမ်ဘီလီတို့လို ကစားသမားတွေ ပါဝင်လာပါလိမ့်မယ်။
စပိန်အသင်းကလည်း အသက် ၁၈ နှစ်အရွယ်လူငယ်ကြယ်ပွင့်ယာမယ်လ်လိုကစားသမားမျိုးကို အခြေခံကာ နောက်ဆုံးနှစ်နှစ်တာကာလအတွင်း ဒုတိယမြောက်မေဂျာဆုဖလားကြီးကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေပါတယ်။
အင်္ဂလန်အသင်းအတွက်လည်း ယူရိုပြိုင်ပွဲဖိုင်နယ်တွေ ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ နာကျင်မှုတွေကို ကျော်လွန်ပြီး အခုတစ်ကြိမ်မှာ အခွင့်အရေး ရရှိလာနိုင်ပါတယ်။
ဒါ့အပြင် ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ရိုးရာအစဉ်အလာအရ ရေပန်းအစားဆုံး ဘရာဇီးအသင်းလည်း ရှိနေပါသေးတယ်။
ဘရာဇီးအသင်းက ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်လာမယ့် သူတို့အတွက် ဆဋ္ဌမမြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ ရည်မှန်းထားပါတယ်။
**စောင့်ကြည့်ရမယ့် ကစားသမားအချို့က ဘယ်သူတွေ ဖြစ်မလဲ။**
အမ်ဘာပေနဲ့ ယာမယ်လ်တို့က အခုနွေရာသီမှာ စောင့်ကြည့်ရမယ့် စိတ်လှုပ်ရှားစရာအကောင်းဆုံးကစားသမားတွေ ဖြစ်လာနိုင်ပါတယ်။ အမ်ဘာပေက ပြင်သစ်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို တတိယအကြိမ် ပါဝင်ဆင်နွှဲဖို့ ပြင်ဆင်နေပြီး ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲနှစ်ကြိမ်ဆက်တိုက်တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။
အမ်ဘာပေက ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ဖလားချန်ပီယံဆုရှင် ဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ဒုတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။
စပိန်အသင်းရဲ့ယာမယ်လ်ကတော့ မျိုးဆက်သစ်အရည်အချင်းရှိသူတစ်ဦးအဖြစ် ရပ်တည်နေပြီး အနာဂတ်ဘောလုံးလောကရဲ့အကြီးမားဆုံးကြယ်ပွင့် ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်း ဘောလုံးလောကကို လွှမ်းမိုးထားခဲ့တဲ့ အာဂျင်တီးနားရဲ့မက်ဆီနဲ့ ပေါ်တူဂီရဲ့စီရော်နယ်ဒိုတို့ ပြိုင်ဆိုင်မှုအပေါ်လည်း အာရုံစိုက်မှုတွေ ရှိနေမယ်ဆိုတာ သေချာပါတယ်။
မက်ဆီက လာမယ့်ဇွန်လနှောင်းပိုင်းမှာ အသက် ၃၉ နှစ် ပြည့်မြောက်ဖို့ ရှိသလို စီရော်နယ်ဒိုကလည်း အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်လို့ သူတို့နှစ်ဦးလုံးရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဖြစ်လာနိုင်ပါတယ်။
အခြားစောင့်ကြည့်ရမယ့်ကစားသမားတွေကတော့ ဘရာဇီးကစားသမားတွေဖြစ်တဲ့ နေမာနဲ့ ဗင်နီစီးယက်စ်၊ အင်္ဂလန်ရဲ့ ဘယ်လင်ဟမ်၊ အမေရိကန်ရဲ့ ပူလီဆစ်၊ ကနေဒါရဲ့ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ တောင်ကိုရီးယားရဲ့ ဆွန်ဟောင်မင်၊ ဂါနာရဲ့ ဆီမန်ညိုနဲ့ လွန်ခဲ့တဲ့လေးနှစ်အတွင်း ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို သုံးကြိမ်တိုင်ဆွတ်ခူးနိုင်ခဲ့တဲ့ နော်ဝေတိုက်စစ်မှူးဟာလန်းတို့ပဲ ဖြစ်ကြပါတယ်။
**ဘယ်နိုင်ငံတွေက ပထမဆုံး ပွဲဦးထွက် ကစားကြမလဲ။**
ပြင်ဆင်တိုးချဲ့လိုက်တဲ့ စနစ်သစ်ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအများအပြား ပါဝင်ခွင့် ရရှိလာခဲ့ပါတယ်။ ဒါ့အပြင် ဘောလုံးလောကရဲ့အကြီးမားဆုံးစင်မြင့်ထက်ဆီ တစ်ခါမှ မရောက်ရှိဖူးသေးတဲ့ နိုင်ငံအချို့ကိုလည်း မြင်တွေ့သွားရပါတော့မယ်။
လူဦးရေ ၁၅၆,၀၀၀ သာ ရှိတဲ့ ကူရာကာအိုအသင်းက ၂၀၁၈ ခုနှစ်၊ အိုက်စလန်အသင်းရဲ့စံချိန်ဟောင်းကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ အသေးငယ်ဆုံးနိုင်ငံအဖြစ် သမိုင်းဝင်ပွဲဦးထွက်ကို ပါဝင်ကစားသွားဖို့ ရှိနေပါတယ်။
နောက်ထပ်ပထမဆုံးအကြိမ်ပါဝင်ခွင့်ရတဲ့ ကျွန်းနိုင်ငံငယ်လေးတစ်ခုကတော့ ကိတ်ဗာဒီ ဖြစ်ပါတယ်။ လူဦးရေငါးသိန်းခန့်သာ ရှိတဲ့ ဒီနိုင်ငံငယ်လေးက ကမ္ဘာ့ဖလားဝင်ရောက်ကစားခွင့်ရတဲ့ တတိယမြောက်အသေးငယ်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။
ဂျော်ဒန်အသင်းကလည်း လတ်တလောဘောလုံးလောကမှာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်လာခဲ့ပါတယ်။ အသင်းကို အခုလို ကမ္ဘာ့အဆင့်အထိရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ ဂုဏ်ပြုမှုအဖြစ် ဂျော်ဒန်ဘုရင်အက်ဘ်ဒူလာ ၂ က သူတို့ရဲ့ မော်ရိုကိုလူမျိုးနည်းပြဂျမားလ်ဆယ်လာမီကို ဂျော်ဒန်နိုင်ငံသားအဖြစ် ဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။
ဥဇဘက်ကစ္စတန်အသင်းကတော့ နောက်ဆုံးပွဲဦးထွက်ကစားခွင့်ရတဲ့ အသင်းဖြစ်ပါတယ်။ ဒီအသင်းမှာ ကစားသမားဘဝ၊ ကမ္ဘာ့ဖလားပြိုင်ပွဲလေးကြိမ်အထိ ကစားခဲ့ဖူးပြီး ၂၀၀၆ ခုနှစ်မှာ အီတလီနိုင်ငံလက်ရွေးစင်အသင်းကပ္ပတိန်တာဝန်ယူကာ ကမ္ဘာ့ချန်ပီယံဆုဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးခဲ့တဲ့ နည်းပြကန်နာဗာရိုရဲ့အတွေ့အကြုံကောင်းတွေ ရှိနေပြန်ပါတယ်။
**ဘယ်ပွဲစဉ်တွေက စိတ်ဝင်စားစရာ သမိုင်းကြောင်းတွေ ရှိနေမလဲ။**
ဘောလုံးကစားခြင်းဆိုတာ အားကစားတစ်ခုတည်းတော့ မဟုတ်ပါဘူး။ နိုင်ငံရေးနဲ့ သမိုင်းကြောင်းဆိုင်ရာလွှမ်းမိုးမှုတွေလည်း အချို့ပွဲစဉ်တွေမှာ ရှိနေတတ်ပါတယ်။
ဇွန် ၁၆ ရက်၊ ပြင်သစ်နဲ့ ဆီနီဂေါအသင်းတို့ ဆုံတွေ့ကြမယ့် ပွဲစဉ်မှာ ဒီနှစ်နိုင်ငံအကြား သမိုင်းဝင်ကိုလိုနီနောက်ခံအခင်းအကျင်းတွေလည်း ရှိနေပါတယ်။ ဆီနီဂေါက ၂၀၀၂ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အုပ်စုအဖွင့်ပွဲစဉ်မှာလည်း လက်ရှိချန်ပီယံပြင်သစ်ကို အနိုင်ယူပြီး အံ့အားသင့်စရာရလဒ် ဖန်တီးခဲ့ဖူးပါတယ်။
ကိုလိုနီသမိုင်းကြောင်းတွေ ရှိခဲ့ဖူးတဲ့ ဂါနာနဲ့ အင်္ဂလန်အသင်းတို့ကတော့ ဇွန် ၂၃ ရက်၊ ဖီလာဒဲလ်ဖီးယားမြို့မှာ ယှဉ်ပြိုင်ကစားကြပါလိမ့်မယ်။
ဆီယက်တဲလ်မြို့မှာ အီရန်နဲ့ အီဂျစ်တို့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်ကို ဒေသတွင်း LGBT အဖွဲ့အစည်းတွေအတွက် ဂုဏ်ပြုမှုအဖြစ် "Pride" ပွဲစဉ်အဖြစ် အမည်ပေးခဲ့လို့ နှစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်တွေရဲ့ တရားဝင်ကန့်ကွက်မှုတွေ ဖီဖာဆီ ရောက်ရှိလာခဲ့ပါတယ်။
လိင်တူဆက်ဆံခြင်းကို ဒီနိုင်ငံတွေမှာ တရားမဝင်အပြုအမူအဖြစ် သတ်မှတ်ထားပြီး ဒီပွဲစဉ်ကို အီရန်ရော၊ အီဂျစ်ပါ ဘယ်လိုကျော်ဖြတ်သွားမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်သွားရပါလိမ့်မယ်။
ဒါ့အပြင် အီရန်အသင်းက အိမ်ရှင်အမေရိကန်နဲ့ဖြစ်ပေါ်နေတဲ့ တင်းမားတဲ့နိုင်ငံရေးအခြေအနေတွေအကြားမှာပဲ အခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လာတာ ဖြစ်ပါတယ်။
အီရန်ရဲ့အုပ်စုအဆင့်ပွဲစဉ်အားလုံးကို အမေရိကန်မြေမှာ ကစားရဖို့ရှိပေမဲ့ အသင်းကတော့ မက္ကဆီကိုနိုင်ငံကိုသာ လေ့ကျင့်ရေးစခန်းအဖြစ် ရွေးချယ်အခြေချခဲ့ပြီး ပွဲကစားဖို့အတွက်ပဲ အမေရိကန်ပြည်ထောင်စုဆီ သွားရောက်ပါလိမ့်မယ်။
ဟေတီအသင်းကလည်း ၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိလာပြီး ၂၈ နှစ်အကြာမှ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိတဲ့ စကော့တလန်နဲ့ ရင်ဆိုင်သွားရပါမယ်။