မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ် စိတ်ဝင်စားနေပေမဲ့ လစာက အဟန့်အတားဖြစ်နေ
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သူ့ရဲ့ လုပ်ခလစာကတော့ အဓိက အဟန့်အတားတစ်ခုအဖြစ် ရှိနေပါတယ်။
မန်ယူနဲ့ ချုပ်ဆိုထားတဲ့ အငှားစာချုပ်မှာပါဝင်တဲ့ ပေါင် ၂၆ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ကို အသုံးချမလားဆိုတာ ဘာစီလိုနာအသင်းဘက်က ဆုံးဖြတ်ချက် မချရသေးချိန်မှာ အသက် ၂၈ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ ရွေးချယ်စရာတွေကို စဉ်းစားနေတာပါ။
လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းက နယူးကာဆယ်ကနေ အန်သိုနီဂေါ်ဒွန်ကို ခေါ်ယူဖို့ အတည်ပြုလိုက်ပြီဖြစ်တာကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းမှာ ဆက်ရှိဖို့ မဖြစ်နိုင်သလောက် ရှိနေပါတယ်။
ဂျာနယ်လစ် ခရစ္စတီယန်ဖော့ခ်ရဲ့ အဆိုအရ ဘိုင်ယန်ဟာ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ယူအသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကိုလည်း ပေးချေဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ရက်ရှ်ဖို့ဒ်ရဲ့ လုပ်ခလစာက အဓိက ပြဿနာဖြစ်နေပြီး တစ်ပတ်ကို ပေါင် ၃၀၀,၀၀၀ ရရှိနေတဲ့ သူ့အနေနဲ့ ဘိုင်ယန်ကို ပြောင်းရွှေ့မယ်ဆိုရင်တော့ လစာကို အတော်လေး လျှော့ချရမှာ ဖြစ်ပါတယ်။