The network connection is lost.

Banner Image

အီရာအိုလာအပေါ် ပရိသတ်တွေ ပိုစိတ်ရှည်ပေးကြဖို့ မျှော်လင့်ထားတဲ့ ဂျွန်ဘန်းစ်

လီဗာပူးဂန္ထဝင်ကစားသမား ဂျွန်ဘန်းစ်က ပြီးခဲ့တဲ့လအတွင်း အန်းစလော့ကို ထုတ်ပယ်ပြီး အီရာအိုလာကို ခန့်အပ်မှုနဲ့ပတ်သက်လို့ မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

အန်းစလော့က လီဗာပူးနည်းပြဘ၀ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်ဖလား ရယူပေးနိုင်ခဲ့ပေမဲ့ ဒီရာသီမှာတော့ ဆုဖလားလက်မဲ့ဖြစ်ခဲ့ပြီး ဘုန်းမောက်အသင်းထက် ၃ မှတ်သာ အသာရကာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းက ဒတ်ခ်ျလူမျိုးနည်းပြရဲ့နေရာကို အစားထိုးဖို့ အချိန်ဆွဲမနေဘဲ အီရီအိုလာကို ချက်ချင်း ခေါ်ယူခဲ့ပါတယ်။ အီရာအိုလာကတော့ နည်းပြဟောင်းယာဂန်ကလော့ပ်လိုပဲ ပိုမိုပြင်းထန်တဲ့ တိုက်စစ်ဖွင့်ကစားဟန်ကို အသင်းဆီ ယူဆောင်လာပေးလိမ့်မယ်လို့ လူအများ မျှော်လင့်နေကြပါတယ်။

ဒီလိုခန့်အပ်မှုအပေါ် လူအများ ဝမ်းသာအားရဖြစ်ကြပေမဲ့လည်း လီဗာပူးအသင်းအတွက် သတိထားဖို့ လိုအပ်တဲ့အချက်အဖြစ် နည်းပြတွေ အစဉ်တစိုက်ထုတ်ပယ်တဲ့သံသရာဆီ ရောက်ရှိသွားနိုင်တယ်လို့ ဂျွန်ဘန်းစ်က Betfred သို့ ပြောကြားခဲ့ပါတယ်။

"ဒါက ခေတ်သစ်ဘောလုံးလောကရဲ့ သဘောသဘာဝပါပဲ။ အသင်းပိုင်ရှင်တွေ၊ အမှုဆောင်ချုပ်တွေနဲ့ အခြားတာဝန်ရှိသူတွေက နည်းပြတွေကို ထုတ်ပယ်တာ မဟုတ်ပါဘူး၊ ပရိသတ်တွေကသာ ထုတ်ပယ်စေတာ ဖြစ်ပါတယ်"

"တကယ်လို့ ပရိသတ်တွေက သင့်အပေါ် ယုံကြည်မှုပျောက်ဆုံးသွားရင် နည်းပြအားလုံးအတွက် စိတ်မကောင်းစရာအဖြစ် ဒီလိုဆုံးဖြတ်ချက်မျိုးကို ချမှတ်ရပါတော့တယ်။ လီဗာပူးပိုင်ရှင်တွေလည်း ဒါကို မလုပ်ချင်ကြဘူးဆိုတာ သေချာပေမဲ့ ပရိသတ်တွေရဲ့ဆန္ဒကြောင့်သာ ဆုံးဖြတ်ခဲ့ရပြီး ဒါက ကျွန်တော့်အမြင်အရတော့ မတရားပါဘူး"

"တကယ်လို့ အီရာအိုလာ ရောက်လာပြီး ပွဲစဉ်အချို့ ရှုံးနိမ့်သွားရင် သူ့ကိုပါ ထပ်ပြီး ထုတ်ပစ်ကြဦးမှာလား။ အဲဒီနောက်ပိုင်း နောက်ထပ်ရောက်လာမယ့် နည်းပြကိုလည်း ထပ်ထုတ်ကြဦးမလား။"

"ကျွန်တော်ကတော့ ကလပ်အသင်းနဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို ထောက်ခံအားပေးပါတယ်။ ဒါပေမဲ့ နောက်ထပ်ရောက်လာမယ့် နည်းပြအပေါ် ပရိသတ်တွေ ပိုပြီးစိတ်ရှည်သည်းခံပေးကြဖို့ မျှော်လင့်ပါတယ်။"

"ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်ဖြတ်သန်းခဲ့တဲ့ လမ်းကြောင်းမျိုးဆီ မသွားချင်ပါဘူး။ အာတီတာက အာဆင်နယ်မှာ အဆင့် ၈၊ အဆင့် ၈ နဲ့ အဆင့် ၅ တွေသာ ရရှိခဲ့ပေမဲ့ သူ့ရဲ့ကလပ်က သူ့ကို မထုတ်ပယ်ခဲ့ပါဘူး။ အခု သူတို့ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ ကြည့်လိုက်ပါဦး"

"လီဗာပူးပရိသတ်တွေကိုယ်တိုင် ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေအပေါ် သတိထားဖို့ လိုအပ်ပါတယ်။"

ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့ ဒုတိယရာသီဝက်ကာလအတွင်း အီရာအိုလာက ဘုန်းမောက်အသင်းကို ၁၈ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်နဲ့အတူ အဆင့် ၆ နေရာ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ကလပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ကို ရယူပေးခဲ့ပါတယ်။ အီရာအိုလာက အန်ဖီးလ်ဆီ နှစ်နှစ်စာချုပ်ဖြင့် ရောက်ရှိလာခဲ့ပြီး နွေရာသီနီးကပ်လာတာနဲ့အမျှ အသင်းကို သူ ဘယ်လိုပုံစံပြောင်းလဲပစ်မလဲဆိုတာ ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်သွားကြပါလိမ့်မယ်။