အီရာအိုလာကို နည်းပြသစ်အဖြစ် အတည်ပြုခန့်အပ်လိုက်တဲ့ လီဗာပူး
လီဗာပူးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးခဲ့ဖူးတဲ့ အန်းစလော့ရဲ့နေရာမှာ အီရာအိုလာကို နည်းပြသစ်အဖြစ် အတည်ပြုခန့်အပ်လိုက်ပါတယ်။
လီဗာပူးအသင်းက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလားရယူပေးနိုင်ခဲ့ပေမဲ့ စိတ်ပျက်စရာဒုတိယမြောက်ဘောလုံးရာသီအပြီး အန်းစလော့နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အန်းစလော့လက်အောက် ဒုတိယမြောက်ဘောလုံးရာသီမှာ အန်ဖီးလ်ကလပ်က ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ဖို့ အတော်လေးနီးစပ်ခဲ့ပြီး အမှတ်ပေးဇယားအဆင့်-၆ နေရာမှာရပ်တည်ခဲ့တဲ့ အီရာအိုလာရဲ့ဘုန်းမောက်ထက် သုံးမှတ်သာအသာစီးရရှိကာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။
အီရာအိုလာက ဘုန်းမောက်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အောင်မြင်တဲ့သုံးနှစ်တာခရီးလမ်းကို အဆုံးသတ်ကာ အသင်းမှထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုတော့ သူက လီဗာပူးအသင်းနဲ့ နှစ်နှစ်သက်တမ်းရှိစာချုပ်ကို လက်မှတ်ရေးထိုးကာ အန်ဖီးလ်မှာ ခရီးစဉ်သစ်တစ်စခုကို စတင်သွားဖို့ ရှိနေပါတယ်။
"တကယ်ကို စိတ်လှုပ်ရှားမိပါတယ်၊ တကယ် စိတ်လှုပ်ရှားမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီဗာပူးအသင်းက ကမ္ဘာ့အကြီးမားဆုံးကလပ်အသင်းတွေအနက် တစ်ခုဖြစ်တဲ့ ထိပ်တန်းကလပ်ကြီးဖြစ်တယ်ဆိုတာ လူတိုင်း သိကြလို့ပါပဲ" လို့ သူက Liverpoolfc.com ကို ပြောကြားခဲ့ပါတယ်။
"ဒါပေမဲ့ ဒီကလပ်အသင်းရဲ့အနှစ်သာရကို ခံစားမိပြီး ပိုပြီးနားလည်လာတဲ့အခါ ထူးခြားတဲ့ အသင်းတစ်ခုလို့ ကျွန်တော် အမြဲတမ်းယူဆခဲ့ပါတယ်။"
"လီဗာပူးရဲ့ဆွဲဆောင်မှုကို ခံစားရဖို့အတွက် အကြောင်းပြချက်တွေ အများကြီးမလိုပါဘူး။ လီဗာပူးဆိုတာ လီဗာပူးပါပဲ။"
"ဒါပေမဲ့ အသင်းရဲ့ပတ်ဝန်းကျင်၊ ပရိသတ်တွေ၊ ကလပ်အသင်း၊ ကစားသမားတွေအပြင် ထိပ်တန်း ကစားသမားတွေကို နည်းပြခွင့်ရမယ့် အခွင့်အရေးနဲ့ ဆုဖလားတွေအတွက် စိန်ခေါ်ခွင့်ရမယ့် အခွင့်အရေးတွေက အဓိကပါပဲ။ ဒီထက်ပိုမိုဆွဲဆောင်မှုရှိတဲ့အရာမျိုး ရှိနိုင်တော့မယ် မထင်ပါဘူး။ ဒီလိုအခွင့်အရေးမျိုးရရှိဖို့ဆိုတာ အရမ်းခက်ပါတယ်။ ဒါကြောင့် အသင်းနဲ့အတူစတင်ဖို့ တကယ်ကို စိတ်လှုပ်ရှားနေပါပြီ"လို့ အီရာအိုလာက ဆက်ပြောခဲ့ပါတယ်။