အမေရိကန်ဘောလုံးကွင်းတွေရဲ့ရာသီဥတုဆိုင်ရာစိုးရိမ်ရမှုကြောင့် ကမ္ဘာ့ဖလားပွဲစဉ်တွေ နာရီပေါင်းများစွာကြန့်ကြာနိုင်ခြေရှိ
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်တွေနဲ့ ကစားသမားတွေအတွက် အပူဒဏ်က အဓိက စိုးရိမ်စရာ ဖြစ်နေပေမဲ့ အခြားသောရာသီဥတုဆိုးရွားမှုတွေကြောင့်လည်း ပွဲစဉ်တွေဟာ နာရီပေါင်းများစွာ ကြန့်ကြာသွားနိုင်ပါတယ်။
အမေရိကန်နိုင်ငံမှာတော့ မိုးသက်မုန်တိုင်းတွေကြောင့် Outdoor ပွဲလမ်းသဘင်တွေကို ရပ်နားရမယ့် သီးခြားစည်းမျဉ်းတစ်ခု ရှိပါတယ်။
ဒါ့အပြင် ဖီဖာရဲ့ ပြိုင်ပွဲစည်းမျဉ်းတွေမှာလည်း ပွဲတစ်ပွဲကို ဘယ်လောက်အထိ ရပ်နားထားရမလဲဆိုတဲ့ အချိန်ကန့်သတ်ချက်မရှိဘူးလို့ The Athletic သတင်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်ရဲ့ မိုးသက်မုန်တိုင်းဆိုင်ရာစည်းမျဉ်းအရ အားကစားကွင်းရဲ့ ၈ မိုင်ပတ်လည်အတွင်းမှာ လျှပ်စီးလက်တာကို တွေ့ရင် အဲဒီပွဲကိုချက်ချင်းရပ်နားရမှာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ကစားသမားတွေ၊ နည်းပြတွေနဲ့ ဒိုင်လူကြီးတွေကို ကွင်းထဲကနေ ခေါ်ထုတ်သွားမှာဖြစ်သလို ပရိသတ်တွေကိုလည်း ကွင်းအတွင်းက ဘေးကင်းတဲ့နေရာတွေဆီ ရွှေ့ပြောင်းပေးရမှာဖြစ်ပါတယ်။
လျှပ်စီးလက်တာကို တွေ့တာနဲ့ မိနစ် ၃၀ အချိန်ရေတွက်မှု စတင်ပါလိမ့်မယ်။ မိနစ် ၃၀ အတွင်း လျှပ်စီးထပ်မလက်ဘူးဆိုရင်တော့ သွေးပူလေ့ကျင့်ခန်း ပြန်လုပ်ပြီး ပွဲကို ပြန်စရပါမယ်။
ဒါပေမဲ့ အဲဒီမိနစ် ၃၀ မပြည့်ခင်မှာ လျှပ်စီးတစ်ကြိမ်ထပ်လက်ခဲ့ရင်တော့ နာရီဝက်ကနေ အချိန်ပြန်မှတ်ရမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နွေရာသီ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ရှာလော့မြို့မှာ ကစားခဲ့တဲ့ ဘင်ဖီကာ-ချဲလ်ဆီး ကလပ်ကမ္ဘာ့ဖလားပွဲစဉ်ဟာ ရာသီဥတု ဆိုးရွားမှုကြောင့် နှစ်နာရီလောက် ကြန့်ကြာခဲ့ဖူးပါတယ်။ အဲဒီပွဲဟာ စုစုပေါင်း ၄ နာရီခွဲကျော်လောက်အထိ ကြာမြင့်ခဲ့ပါတယ်။
ဖီဖာဘက်ကတော့ ပွဲကို လုံးဝဖျက်သိမ်းပစ်ဖို့အတွက် ဘယ်လောက်အထိ စောင့်ရမလဲဆိုတဲ့ စည်းမျဉ်းသတ်မှတ်ချက်မရှိပါဘူး။ အခြေအနေပေါ် မူတည်ပြီးမှသာ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
ရာသီဥတုဆိုးရွားမှုနဲ့ပတ်သက်ပြီး ဖီဖာက "ကျွန်တော်တို့ရဲ့ အရေးပေါ် ပြင်ဆင်ရေးအဖွဲ့ဟာ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုက မိုးလေဝသဌာနတွေ၊ အရေးပေါ် စီမံခန့်ခွဲမှုအဖွဲ့တွေ၊ အိမ်ရှင်မြို့ ၁၆ မြို့က မိတ်ဖက်တွေနဲ့ ပုံမှန်တွေ့ဆုံ ဆွေးနွေးနေပါတယ်။
ရာသီဥတု ဆိုးရွားတဲ့ အခြေအနေတွေအတွက် ပြင်ဆင်မှုတွေကိုလည်း အဖွဲ့အစည်းတွေအကြား ပူးပေါင်းလုပ်ဆောင်နေပါတယ်။ ကွင်းတွေမှာလည်း ဒေသဆိုင်ရာ ဥပဒေတွေနဲ့ နိုင်ငံတကာ စံနှုန်းတွေအတိုင်း လျှပ်စီးနဲ့ ရာသီဥတုဆိုးရွားမှုဆိုင်ရာ ဘေးအန္တရာယ် စီမံခန့်ခွဲမှုတွေ၊ လူရွှေ့ပြောင်းရေး အစီအစဉ်တွေကို စနစ်တကျ လုပ်ဆောင်ထားဖို့ လိုအပ်ပါတယ်" လို့ ထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့ဖလားမှာသုံးမယ့် အမေရိကန်ဘောလုံးကွင်းတွေထဲက ၄ ကွင်းမှာ အမိုးအရှင်တွေ ပါရှိတာကြောင့် အဲဒီကွင်းတွေမှာတော့ အခုလို ကြန့်ကြာမှုမျိုးတွေ ရှိမှာမဟုတ်ပါဘူး။
အဲဒီကွင်းတွေကတော့ ဟူစတန်က NRG Stadium၊ ဒါးလတ်စ်က AT&T Stadium၊ အတ္တလန္တာက Mercedes-Benz Stadium နဲ့ လော့စ်အိန်ဂျလိစ်က SoFi Stadium တို့ပဲ ဖြစ်ပါတယ်။