ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှသာ အနာဂတ်ကို ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ မန်စီးတီးကြယ်ပွင့် ရိုဒရီ ပြောကြား
မန်စီးတီးကွင်းလယ်လူ ရိုဒရီက လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ်မှာပဲ အပြည့်အဝအာရုံစိုက်ထားပြီး အနာဂတ်နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကိုတော့ ပြိုင်ပွဲပြီးဆုံးချိန်ကျမှသာ ဆွေးနွေးဖြေရှင်းသွားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်ကွင်းလယ်လူက မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိတော့မှာဖြစ်သလို စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရိုဒရီက ဇွန် ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ မြောက်အမေရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေပြီး အုပ်စု (H) မှာ ကိပ်ဗာဒီ၊ ဆော်ဒီ၊ ဥရုဂွေးတို့နဲ့ ရင်ဆိုင်ရမယ့် စပိန်လက်ရွေးစင်အသင်းနဲ့အတူ ရှိနေတာ ဖြစ်ပါတယ်။
ရိုဒရီက "ဒီအခြေအနေအပေါ် အရမ်းကြီး အာရုံမစိုက်မိအောင် ကြိုးစားနေပေမဲ့ ကစားသမားတစ်ယောက် စာချုပ်သက်တမ်းကုန်ခါနီးအချိန်မှာ အခုလို သတင်းတွေထွက်လာတာက သဘာဝပါပဲ။ လက်ရှိမှာ ကျွန်တော် စိတ်အေးအေးထားပါတယ်။ တကယ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲသာ မရှိဘူးဆိုရင် အခြေအနေက အခုထက် ထူးခြားချင်ထူးခြားနေမှာဖြစ်ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး နီးကပ်လာချိန် စိတ်တည်ငြိမ်အောင် ထိန်းထားဖို့က ကျွန်တော့်ရဲ့ တာဝန်ပါပဲ" လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။