ချန်ပီယံလိဂ်ဗိုလ်လုပွဲရှုံးနိမ့်မှုအပြီး ပီအက်စ်ဂျီကို ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် ချီးကျူးခဲ့တဲ့ အာဆင်နယ်နည်းပြအာတီတာ
စနေညပိုင်း၊ ဗိုလ်လုပွဲမှာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ပြီးနောက် ချန်ပီယံလိဂ်ချန်ပီယံပီအက်စ်ဂျီကို ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တယ်လို့ အာဆင်နယ်နည်းပြအာတီတာက ဝန်ခံပြောဆိုခဲ့ပါတယ်။
သာမန်ပွဲကစားချိန်အပြင် အချိန်ပိုမိနစ်တွေမှာပါ တစ်ဖက်တစ်ဂိုးစီသရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူချိန် ပီအက်စ်ဂျီက ၄-၃ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံလိဂ်ဖလားကို နှစ်နှစ်ဆက် ဆွတ်ခူးရရှိခဲ့ပါတယ်။
အာတီတာကတော့ သူခံစားခဲ့ရသမျှကို နာကျင်မှုအဖြစ် တင်စားလိုက်ပြီး အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ သူ့ရဲ့အသင်းက ပွဲချိန်တလျှောက်လုံး လွှမ်းမိုးကစားနိုင်ခဲ့တဲ့ ပြင်သစ်ချန်ပီယံတွေနဲ့ အဆင့်မတူသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။
"ပီအက်စ်ဂျီ၊ အထူးသဖြင့် လူးဝစ်အင်းနရစ်ကို ဂုဏ်ပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက ကျွန်တော့်အမြင်အရ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်နေလို့ပါပဲ" လို့ အာတီတာက ဘူဒါပက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
"ဘောလုံးနဲ့အတူ သူတို့လုပ်နိုင်ခဲ့တဲ့အရာတွေ၊ တစ်ဦးချင်းလုပ်ဆောင်ချက်တွေကို အတိတ်မှာ ကျွန်တော် လုံး၀မမြင်ဖူးပါဘူး။ ဘောလုံးမရှိတဲ့အခြေအနေတချို့မှာ အတင်းလိုက်ကစားဖို့ဆိုတာ အစီအစဉ်တစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့က ဖိအားပေးကစားနိုင်ပါတယ်။ ဒါကြောင့် ကစားသမားတွေကို ပိုပြီးတော့တောင် ချီးကျူးချင်ပါတယ်" လို့ ဆိုပါတယ်။
အာဆင်နယ်အသင်းက အခုဗိုလ်လုပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၂၅ ရာခိုင်နှုန်းအောက်သာ ရှိခဲ့ပြီး ပီအက်စ်ဂျီရဲ့ဖိအားပေးမှုကို အကောင်းဆုံးခုခံကာကွယ်ခဲ့ပါတယ်။
လီဂူးဝမ်းချန်ပီယံအသင်းကလည်း ကိုင်ဟားဗက်ဇ်ရဲ့ပွဲချိန်အစောပိုင်းဦးဆောင်ဂိုးကိုချေပနိုင်ဖို့ ဒုတိယပိုင်းပွဲချိန်မှာ ဒမ်ဘီလီရဲ့ပင်နယ်တီချေပဂိုး ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဘောလုံးရာသီတစ်ခုအတွင်း ၄၅ ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။
အာတီတာကတော့ တစ်ဖက်တစ်ဂိုးစီသရေကျနေချိန် မာဒူကီရဲ့ဖြစ်ရပ်အတွက် ပယ်နယ်တီမရရှိခဲ့မှုကို မကျေနပ်ပေမဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့ သူ့ရဲ့အသင်း ပိုမိုတိုးတက်လာအောင် လုပ်သွားရမယ်ဆိုတဲ့အချက်ကိုတော့ လက်ခံခဲ့ပါတယ်။
ဒါက ပါရီမှာ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တဲ့ ဂန်းနားတွေရဲ့ပထမဆုံးချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး နှစ်ပေါင်း ၂၀ အကြာ ဒုတိယမြောက်ချန်ပီယံလိဂ်ဖိုင်နယ်ယှဉ်ပြိုင်မှုပဲ ဖြစ်ပါတယ်။
ခုနစ်နှစ်နီးပါး အာဆင်နယ်ကို ကိုင်တွယ်ပြီးနောက် ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့ပေမဲ့ နောက်ထပ်အပြောင်းအလဲတွေတော့ လိုအပ်နေသေးတယ်လို့ အာတီတာက အခိုင်အမာပြောဆိုခဲ့ပါတယ်။
"ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့ရရှိခဲ့တဲ့တိုးတက်မှုတွေကို ထပ်ခါတလဲလဲ လုပ်ဆောင်သွားဖို့လိုအပ်ပြီး ဘောလုံးရာသီတိုင်းမှာ အဆင့်အတန်းလည်း မြင့်တက်လာနေပါတယ်" လို့ စပိန်နည်းပြက ရှင်းပြခဲ့ပါတယ်။
"ဥရောပအဆင့်အရည်အသွေးတွေနဲ့အတူ မတူညီတဲ့အဆင့်အတန်းတစ်ခုကို တောင်းဆိုမှုရှိနေလို့ ဒီညမှစလို့ နာကျင်မှုကို ဖြတ်သန်းရနိုင်ပြီး ဒီနာကျင်မှုကိုချေဖျက်ကာ တိုးတက်လာဖို့နဲ့ မတူညီတဲ့အဆင့်တစ်ခုဆီရောက်ရှိသွားစေဖို့ လောင်စာအဖြစ် ပြောင်းလဲသွားရပါမယ်"လို့ ဆက်ပြောခဲ့ပါတယ်။