နေမာလက်သစ်အတွက် ပြောင်းရွှေ့ကြေးဘယ်လောက်သုံးစွဲရမလဲဆိုတာ သိလိုက်ရတဲ့ ဘာစီလိုနာ
နေမာလက်သစ်လို့ နာမည်ကြီးနေတဲ့ အက်သလက်တီကိုမင်နဲရိုးကြယ်ပွင့် ဂါဘရီယယ်ဗီနီနိုအတွက် ပြောင်းရွှေ့ကြေးဘယ်လောက်အထိ သုံးစွဲရမလဲဆိုတာကို ဘာစီလိုနာအသင်း သိခွင့်ရလိုက်ပြီလို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။
အသက် ၁၆ နှစ်အရွယ်လူငယ်ကစားသမားက သူ့ရဲ့ပါးနပ်တဲ့ကစားဟန်နဲ့ နည်းစနစ်ပိုင်းထူးချွန်မှုတွေကြောင့် ဘရာဇီးမှာ 'နေမာလက်သစ်'ဆိုပြီး အမည်ပြောင်ရရှိထားပါတယ်။
ဗီနီနိုဟာ အက်သလက်တီကိုမင်နဲရိုးစီနီယာအသင်းအတွက် ပွဲဦးထွက်မကစားရသေးပေမဲ့ လာလီဂါချန်ပီယံဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကိုတော့ အခိုင်အမာ ရရှိထားပါတယ်။
AS သတင်းဌာနရဲ့ဖော်ပြချက်အရ ဘရာဇီးကလပ်အသင်းက သူတို့ရဲ့ အဖိုးတန်ကစားသမားလေးအတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၂၀ အပြင် စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ပေးရမယ့် အပိုဆုကြေးတွေကိုပါ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ လက်ရှိရင်ဆိုင်နေရတဲ့ငွေရေးကြေးရေးအခက်အခဲတွေကြောင့် ဒီဈေးနှုန်းသတ်မှတ်ချက်က ဘာစီလိုနာအတွက်တော့ အတော်လေး ရုန်းကန်ရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ ဒါ့အပြင် ဗီနီနို ကစားတဲ့ ညာတောင်ပံနေရာမှာပဲ လက်ရှိအစွမ်းပြနေတဲ့ယာမယ်လ်ရှိနေလို့ ဘာစီလိုနာအတွက် စဉ်းစားစရာအချက်တစ်ခု ဖြစ်နေပါတယ်။