အာဆင်နယ်မှထွက်ခွာဖို့ နီးစပ်နေတဲ့ ဗီအဲရာကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဟမ်းဘတ်
အာဆင်နယ်ရဲ့အမေ့လျော့ခံဖေဘီယိုဗီအဲရာက အမ်းမရိတ်စ်ကွင်းမှာ လေးနှစ်တာဖြတ်သန်းမှုကို အခုနွေရာသီကာလအတွင်းမှာပဲ အဆုံးသတ်သွားဖွယ် ရှိပါတယ်။
ဗီအဲရာက နှစ်ကြိမ်ဆက်အဖြစ် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကို အာဆင်နယ်မှ ဟမ်းဘတ်ဆီ အငှားဖြင့် သွားရောက်ကစားခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ကွင်းလယ်တိုက်စစ်ကစားသမားက ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အမှတ်ပေးဇယားအဆင့်-၁၃ နေရာနဲ့ ရာသီပိတ်ခဲ့တဲ့ ဟမ်းဘတ်အသင်းအတွက် ၂၉ ပွဲကစားရာမှာ ၁၂ ဂိုးအထိ ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။
သတင်းတွေအရ ဂျာမနီကလပ်က ဒီပေါ်တူဂီကွင်းလယ်ဖန်တီးရှင်ကို ယူရိုသန်း ၂၀ (ပေါင် ၁၇ဒဿမ၂ သန်း)ဖြင့် အပြီးသတ်ဝယ်ယူခွင့် ရှိနေတယ်လို့ သိရပါတယ်။ သတင်းထောက် ဖလော်ရီယန်ပလက်တန်ဘတ်ကလည်း ဗီအဲရာကို ဆက်ထိန်းထားနိုင်ဖို့ နောက်ကွယ်မှတဆင့် ဟမ်းဘတ်တို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ဟမ်းဘတ်အသင်းက အာဆင်နယ်အငှားကစားသမား ဗီအဲရာကို ဗဟိုပြုပြီး အသင်းကို တည်ဆောက်ချင်နေပြီး ဗီအဲရာကိုယ်တိုင်လည်း အောင်မြင်တဲ့ဘောလုံးရာသီတစ်ခု ဖြတ်သန်းခဲ့ပြီးနောက် ဂျာမနီမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေပါတယ်။
အမ်းမရိတ်စ်ကွင်းမှာ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်းရှိနေသေးတဲ့ ဒီတိုက်စစ်ကွင်းလယ်လူကို အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် ဟမ်းဘတ်နဲ့ အာဆင်နယ်တို့အကြား ဆက်လက်ဆွေးနွေးသွားရပါဦးမယ်။