အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှ ချန်လှပ်ခံရပြီးနောက် သောမတ်စ်တူချယ် ဘာတွေပြောခဲ့လဲဆိုတာ ဖွင့်ဟလိုက်တဲ့ မော်ဂန်ဂစ်ဝှိုက်
နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်လူမော်ဂန်ဂစ်ဝှိုက်က အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ခွင့်မရတဲ့အကြောင်း အသိပေးချိန်၊ သူ့ကို နည်းပြသောမတ်စ်တူချယ် ဘာပြောခဲ့သလဲဆိုတာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
နည်းပြတူချယ်ရဲ့ အင်္ဂလန်အသင်းလူစာရင်းက ပါဝင်လာသူတွေထက် ချန်လှပ်ခံခဲ့ရသူတွေကြောင့် တစ်နိုင်ငံလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ဒီနွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တူချယ်ရဲ့လူစာရင်းမှာ မက်ဂွါရီ၊ ကိုးလ်ပယ်လ်မာ၊ ဖိုဒန်နဲ့အတူ အသက်-၂၆ နှစ်အရွယ်ဂစ်ဝှိုက်လည်း ချန်လှပ်ခံခဲ့ရပါတယ်။
အထူးသဖြင့် ရုန်းကန်နေရတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ၁၈ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ခုနစ်ကြိမ်ပြုလုပ်ပေးနိုင်ကာ အကောင်းဆုံးဘောလုံးရာသီတစ်ခုပိုင်ဆိုင်ထားတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဂစ်ဝှိုက်အတွက် တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတစ်ရပ် ဖြစ်ခဲ့ပါတယ်။
TalkSport နဲ့ အင်တာဗျူးမှာတော့ အဲဒီစိတ်ပျက်စရာကောင်းတဲ့ ဖုန်းခေါ်ဆိုမှုအတွင်း သူ့ကို တူချယ် ဘာတွေပြောခဲ့လဲဆိုတာ နော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့်က ပြန်ပြောင်းဖွင့်ဟခဲ့ပါတယ်။
"တခြားသူတွေလိုပဲ ကျွန်တော်လည်း ကြာသပတေးနေ့မှာ ဖုန်းလက်ခံရရှိခဲ့ပါတယ်၊ ကမ္ဘာ့ဖလား သွားရမလား၊ မသွားရဘူးလား ဆိုတာပေါ့။ အဲဒီဖုန်းပြောဆိုမှုက ပွင့်လင်းရိုးသားတဲ့ စကားဝိုင်းတစ်ခုပါပဲ။ တူချယ်က ကျွန်တော့်ထက် အရင်ဦးစားပေးရမယ့်သူတွေ ရှိနေလို့ပါလို့ ပြောပါတယ်။ ဒါ ကျွန်တော့်ကြောင့် မဟုတ်ဘဲ ကျွန်တော် လုပ်နိုင်သမျှအကုန်လုံးကို အကောင်းဆုံးလုပ်ခဲ့ပြီးပြီလို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ခြောက်လအတွင်း ကျွန်တော့်ရဲ့ကစားပုံကို သူတကယ်နှစ်သက်ခဲ့ပေမဲ့ အခြားအခြေအနေတွေကြောင့် အခုလို ဖြစ်သွားရတာပါလို့ သူက ပြောခဲ့ပါတယ်" လို့ ဂစ်ဝှိုက်က ရှင်းပြပါတယ်။
ဆက်လက်ပြီး ဂစ်ဝှိုက်က " ကျွန်တော် တူချယ်ကို နည်းပြတစ်ဦးအဖြစ် လေးစားမှုအပြည့်အ၀ရှိသလို ထိပ်တန်းနည်းပြတစ်ဦးဖြစ်မယ်လို့လည်း ထင်ပါတယ်။ အခုလိုရွေးချယ်ခံရတဲ့ အင်္ဂလန်ကစားသမားတွေက တကယ်ကိုထိုက်တန်သူတွေဖြစ်လို့ ဒီနွေရာသီမှာ ထူးခြားတဲ့အောင်မြင်မှုတစ်ခုခု ရယူနိုင်လိမ့်မယ်လို့ တကယ်မျှော်လင့်မိပါတယ်။ နည်းပြက လူကြီးလူကောင်းတစ်ဦးဖြစ်သလို ကျွန်တော့်ကို လူစာရင်းမှာ မပါဘူးဆိုတာ ဖုန်းဆက်အကြောင်းကြားဖို့ မလိုဘဲနဲ့တောင် အခုလို ဖုန်းဆက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်လည်း ဒါက တကယ်ကို ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။ ဘာလို့လဲဆိုတော့ အသင်းမှာ ပါဝင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့သလို အဲဒီအတွက်လည်း ထိုက်တန်တယ်လို့ ကျွန်တော် ယုံကြည်ခဲ့လို့ပဲ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
"ဒါပေမဲ့ ဘောလုံးဆိုတာ အမြင်အမျိုးမျိုးရှိနိုင်တာပဲလေ။ အခု ဒီအစီအစဉ်မှာ ရှိနေတဲ့သူတွေဆီမှာလည်း အမြင်ကိုယ်စီ ရှိကြမှာပါ။ တချို့အမြင်တွေက မှားနိုင်သလို၊ တချို့က ကောင်းတယ်၊ တချို့ကတော့ ဆိုးတာပေါ့။ ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက်မှာလည်း လူတော်တော်များများရဲ့ မှားယွင်းတဲ့ဝေဖန်မှုတွေကို ကြုံခဲ့ဖူးပေမဲ့ အမြဲတမ်းပြန်လည်ရုန်းထွက်နိုင်ခဲ့ပါတယ်။ အခုဖြစ်ရပ်ကလည်း နောက်ထပ်ကျော်ဖြတ်ရမယ့် အခက်အခဲတစ်ခုဖြစ်ပြီး ကျွန်တော် ပြန်လည်ရုန်းထွက်ပြပါဦးမယ်" လို့ ဂစ်ဝှိုက်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။