ပိုကယ်လ်ဖလားဖိုင်နယ်ရှုံးနိမ့်မှုအပြီး ခံစားချက်တွေရောထွေးနေတဲ့ စတုဂတ်တိုက်စစ်မှူးအွန်ဒက်ဗ်
ဂျာမန်ပိုကယ်လ်ဖလားဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် စတုဂတ်တိုက်စစ်မှူး ဒင်းနစ်အွန်ဒက်ဗ်က သူ့ရဲ့ရောထွေးနေတဲ့ ခံစားချက်တွေအကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူက ရလဒ်အပေါ် စိတ်ပျက်မိပေမဲ့ အသင်းရဲ့တစ်ရာသီလုံးစာစွမ်းဆောင်ရည်ကိုတော့ အားရကျေနပ်မိတယ်လို့ ဆိုပါတယ်။
"ဘိုင်ယန်မြူးနစ်အသင်းအောင်ပွဲခံနေမှုကို ထိုင်ကြည့်နေရတာ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ဘောလုံးရာသီကို အဆုံးသတ်နိုင်ခဲ့တဲ့ပုံစံကြောင့် စိတ်မကောင်းဖြစ်တာထက် ဂုဏ်ယူရတဲ့ခံစားချက်က ပိုများပါတယ်။ ဒီနေ့မှာတော့ ဂျာမနီရဲ့အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်" လို့ သူက ပြောပါတယ်။
အခုပွဲစဉ်ရဲ့ပွဲချိန်အတော်များများမှာ ဘိုင်ယန်မြူးနစ်ကို စတုဂတ်တို့ ယှဉ်ကစားနိုင်ခဲ့ပေမဲ့ တိုက်စစ်အဆုံးသတ်ပိုင်းမှာတော့ တိကျမှုအားနည်းခဲ့တယ်လို့ အွန်ဒက်ဗ်က ယူဆနေပါတယ်။
"ဒီနေ့ ကျွန်တော်တို့အတွက် အသေးအဖွဲကိစ္စလေးတွေက အဆင်မပြေခဲ့ပါဘူး။ အဆုံးသတ်ဂိုးဖန်တီးပေးရမယ့် ပေးပို့မှုတွေနဲ့ အချိန်ကိုက်ပေးပို့နိုင်မှုအပိုင်းတွေမှာ လိုအပ်ချက်ရှိခဲ့ပါတယ်"လို့ သူက ဆိုပါတယ်။
ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေကိုလည်း ရှင်းလင်းခဲ့ပြီး စာချုပ်သက်တမ်းတိုးဖို့အတွက် ရှင်းလင်းတဲ့အဖြေကို စောင့်ဆိုင်းနေဆဲပဲလို့ အတည်ပြုခဲ့ပါတယ်။
"စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းချက်ကို ကျွန်တော် စောင့်နေရတုန်းပါ။ ဗုဒ္ဓဟူးနေ့မှာ လက်ရွေးစင်အသင်းဆီ သွားရဖို့ရှိနေလို့ အဲဒီမတိုင်ခင် ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်"လို့ အွန်ဒက်ဗ်က ပြောပါတယ်။
ဗိုလ်လုပွဲရှုံးနိမ့်မှုကြောင့် စိတ်ပျက်မိပေမဲ့ အွန်ဒက်ဗ်ကတော့ အသင်းရဲ့ ညစာစားပွဲအစီအစဉ်အကြောင်းကို ဟာသနှောပြီး ပြောဆိုခဲ့ပါသေးတယ်။
"ဒီညတော့ စိတ်ညစ်ညစ်နဲ့ ဒိုနာကေဘတ်ပဲ စားလိုက်တော့မယ်၊ ပြီးရင်တော့ စိတ်ပျက်လက်ပျက်နဲ့ပဲ အောင်ပွဲခံလိုက်ကြတာပေါ့။ ခုနကပြောသလိုပဲ ကျွန်တော်တို့ရဲ့ ဒီရာသီစွမ်းဆောင်ရည်အတွက် ဂုဏ်ယူလို့ရပါတယ်။ နောက်နှစ်မှာတော့ ဒီနေရာဆီပြန်လာပြီး ဗိုလ်စွဲနိုင်အောင် ကြိုးစားသွားပါမယ်" လို့ ပြောကြားခဲ့ပါတယ်။