အန်းစလော့အနာဂတ်မရေမရာဖြစ်နေချိန် အီရာအိုလာကို အာရုံစိုက်လာတဲ့ လီဗာပူး
လီဗာပူးအသင်းက အန်းစလော့ရဲ့နေရာမှာ ဘုန်းမောက်နည်းပြအီရာအိုလာနဲ့အစားထိုးဖို့ စဉ်းစားနေပါတယ်။
ဧပြီလကုန်ပိုင်းကာလမှာ လီဗာပူးတာဝန်ရှိသူတွေကိုယ်တိုင် အန်းစလော့ကို ဆက်လက်ထောက်ခံပေးခဲ့ကြပြီး လွန်ခဲ့သီတင်းပတ်အတွင်းမှာလည်း အနာဂတ်နဲ့ပတ်သက်လို့ အန်းစလော့က လာမယ့်ရာသီ၊ အသင်းမှာ ဆက်ရှိနေဦးမယ်လို့ ယုံကြည်မှုရှိရှိပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အန်ဖီးလ်မှာ နည်းပြသစ်ဖြစ်လာဖို့ လျာထားသူတွေအနက် တစ်ဦးဖြစ်တဲ့ အလွန်ဆိုကို ချဲလ်ဆီးက ကြားဖြတ်ခေါ်ယူသွားခဲ့ပြီးနောက် စိတ်ပျက်စရာဘောလုံးရာသီတစ်ခုဖြတ်သန်းခဲ့ရတဲ့ ဒတ်ချ်လူမျိုးနည်းပြကို လီဗာပူးအသင်းက ထုတ်ပယ်ဖို့ ပြင်ဆင်လာပါတယ်။
လီဗာပူးက ရာသီပိတ်ပွဲစဉ်မတိုင်ခင် အက်စတွန်ဗီလာကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမဲ့ ရာသီပိတ်နောက်ဆုံးပွဲမှာ ဘရန်ဖို့ဒ်ကို အနိုင်ရပြီး မန်စီးတီးကို အူနိုင်းအမ်မရီရဲ့အသင်း ရှုံးနိမ့်မယ်ဆိုရင် ပူပူနွေးနွေးယူရိုပါလိဂ်ချန်ပီယံတွေကိုကျော်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းမှာ ရပ်တည်နိုင်ပါလိမ့်မယ်။
ဒါပေမဲ့လည်း ဘောလုံးရာသီကို ရလဒ်ကောင်းနဲ့အဆုံးသတ်နိုင်ခဲ့ရင်တောင် အန်ဖီးလ်မှာ အခြေအနေတွေ အမြန်ဆုံးပြောင်းလဲသွားနိုင်ပြီး အန်းစလော့ကို ရာထူးမှ ဖယ်ရှားသွားနိုင်တယ်လို့ Foot Mercato က ယူဆထားပါတယ်။
သတင်းဖော်ပြချက်တွေအရ အားကစားဒါရိုက်တာရစ်ချတ်ဟုဂျ်က အန်းစလော့ရဲ့နေရာမှာ အစားထိုးဖို့အတွက် အီရာအိုလာကို အလိုရှိနေပြီး ဘုန်းမောက်အသင်းမှာတာဝန်ယူချိန်ကတည်းက စပိန်လူမျိုးနည်းပြကိုခေါ်ယူခဲ့ဖူးတဲ့ အတွေ့အကြုံလည်း ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။
အီရာအိုလာက ဘုန်းမောက်ကို ဥရောပဝင်ခွင့်ရရှိရေး ကြိုးစားပေးပြီးနောက် အသင်းမှထွက်ခွာလာဖို့ရှိနေပြီး လီဗာပူးအသင်းအတွင်းပိုင်းမှာလည်း သူ့ရဲ့ "ခေတ်မီပြီး အေးအေးဆေးဆေးရှိတဲ့ ပုံစံ" ကို သဘောကျနေကြတယ်လို့ ဆိုပါတယ်။
အသက် ၄၃ နှစ်အရွယ်နည်းပြကို ခေါ်ယူဖို့ ခရစ္စတယ်ပဲလေ့စ်လည်း စတင်ဆက်သွယ်နေသလို ဥရောပကလပ်အသင်းအများအပြားရဲ့ စိတ်ဝင်စားမှုရှိနေလို့ လီဗာပူးအတွက် ဒီနည်းပြကိုရရှိဖို့ဆိုရင် အမြန်ဆုံးလှုပ်ရှားသွားရပါမယ်။