The network connection is lost.

Banner Image

ယူရိုပါလိဂ်ဘုရင်ကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ငြင်းဆန်လိုက်တဲ့ အူနိုင်းအမ်မရီ

အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီက ဗုဒ္ဓဟူးနေ့ဗိုလ်လုပွဲအတွက် ပြင်ဆင်နေချိန် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရရှိထားတဲ့ သူ့ရဲ့နာမည်ကျော်ဂုဏ်ပုဒ်ကို လျှော့ချပြောဆိုလိုက်ပြီး ဆယ်စုနှစ်သုံးခုအတွင်း ကလပ်အသင်းအတွက် ပထမဆုံးအကြိမ် အဓိကမေဂျာဆုဖလားကို ရယူပေးဖို့ပဲ အာရုံစိုက်နေပါတယ်။

ဆီဗီလာ၊ ဗီလာရီးရဲလ်တို့နဲ့အတူ ယူရိုပါလိဂ်ဖလားကို လေးကြိမ်တိုင်ဆွတ်ခူးထားနိုင်လို့ ဒီပြိုင်ပွဲအတွက် အထူးကျွမ်းကျင်သူအဖြစ် အမွှမ်းတင်ခံထားရတဲ့ အမ်မရီက အခုအချိန်မှာ အက်စတွန်ဗီလာအသင်းနဲ့အတူ အမှတ်ရစရာဘောလုံးရာသီတစ်ခုကို အဆုံးသတ်နိုင်ဖို့ ကြိုးစားနေပြီး အတိတ်အောင်မြင်မှုတွေနဲ့ပတ်သက်လို့ အရေးမပါဘူးလို့ ဆိုပါတယ်။ စပိန်လူမျိုးနည်းပြလက်အောက်မှာ အက်စတွန်ဗီလာအသင်းက ယမန်နှစ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ကွာတားဖိုင်နယ်အဆင့်မှာ ချန်ပီယံဖြစ်လာမယ့် ပီအက်စ်ဂျီကို မရှုံးနိမ့်ခင် ၂၀၂၄ ခုနှစ်၊ ကွန်ဖရန့်လိဂ်ဆီမီးဖိုင်နယ်အဆင့်ဆီလည်း တက်ရောက်ထားနိုင်ခဲ့လို့ ဥရောပအဆင့်ပြိုင်ပွဲတွေမှာ အထင်ကြီးစရာ ခြေစွမ်းပြခဲ့ပါတယ်။

အရေးကြီးလွန်းလှတဲ့ဗိုလ်လုပွဲမတိုင်ခင် အမ်မရီက "ကျွန်တော်က ဒီပြိုင်ပွဲမှာ ဘုရင်တစ်ပါး မဟုတ်ပါဘူး။ အခု ကျွန်တော်က အက်စတွန်ဗီလာနဲ့အတူ အခန်းကဏ္ဍသစ်တစ်ခုကို စတင်နေပြီး အရင်က လုပ်ခဲ့တာတွေက ပြီးဆုံးခဲ့ပါပြီ။ အဲ့ဒါတွေက အတိတ်ကာလအောင်မြင်မှုတွေသာ ဖြစ်ပြီး အဲ့ဒီအချက်ကြောင့် မနက်ဖြန်ပွဲစဉ်ကို အနိုင်ရရှိစေမှာ မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်အတွက် မနက်ဖြန်ရင်ဆိုင်ရမယ့်ပြိုင်ဘက်ကို အခုရှိနေတဲ့ကစားသမားတွေ၊ အခုလက်ရှိအက်စတွန်ဗီလာအသင်းနဲ့အတူ အနိုင်ရရှိသွားဖို့ပဲ လိုအပ်ပါတယ်။ ဒါကြောင့် အခုက လမ်းစဉ်အသစ်၊ အချိန်အခါအသစ်နဲ့ မျှော်လင့်ချက်အပြည့်ရှိတဲ့ ခေတ်သစ်တစ်ခုပါပဲ။ အတိတ်မှာလုပ်ခဲ့တဲ့အရာတွေအကြောင်း အများကြီး မပြောချင်တော့ပါဘူး။ အခု ဒီနှစ်ထဲမှာရော၊ အရင် ကွန်ဖရင့်လိဂ်ပြိုင်ပွဲရဲ့ပွဲစဉ်တွေမှာပါ ကျွန်တော်တို့က အဆင့်အတန်းမြင့်မြင့်ကစားနိုင်စွမ်းရှိတယ်ဆိုတာ ပြသခဲ့ပြီးပါပြီ" လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း တန်းဆင်းဇုန်တိုက်ပွဲဝင်နေရတဲ့ အက်စတွန်ဗီလာအသင်းဆီ အူနိုင်းအမ်မရီရောက်ရှိလာပြီးနောက် စပိန်သားနည်းပြက အသင်းကို ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိအောင်အထိ သိသိသာသာ ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် အက်စတွန်ဗီလာက ၁၉၉၆ ခုနှစ်၊ လိဂ်ဖလားအောင်မြင်မှုအပြီး ပထမဆုံးမေဂျာဆုဖလားနဲ့ ၁၉၈၂ ခုနှစ်၊ ဥရောပဖလားအောင်မြင်မှုနောက်ပိုင်း ပထမဆုံးဥရောပအဆင့်အောင်မြင်မှုရယူဖို့ လက်တစ်ကမ်းသာ လိုအပ်ပါတော့တယ်။

ဖိအားတွေရှိနေမှုကို အမ်မရီကိုယ်တိုင် အသိအမှတ်ပြုထားပြီး ကစားသမားတွေကိုလည်း ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ "ဒါ လုပ်ငန်းစဉ်တစ်ခုပါ။ အသင်းနဲ့ အသင်းရဲ့ဖွဲ့စည်းပုံကို တည်ဆောက်ပြီး ဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတဲ့ လုပ်ငန်းစဉ်ပေါ့။ မနက်ဖြန်မှာ ကျွန်တော်တို့ အတွေ့အကြုံသစ်တစ်ခု ရပါမယ်။ ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဘယ်လိုထိန်းချုပ်မလဲဆိုတာက အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ ပွဲတွေ အများကြီးကစားခဲ့ပြီးပြီ၊ စိတ်လှုပ်ရှားစရာတွေလည်း အများကြီး ကြုံခဲ့ပြီးပါပြီ" လို့ ပြောပါတယ်။

"ဖိအားကတော့ ရှိနေမှာပါပဲ၊ ဒါပေမဲ့ ဒီဖိအားကို အဆိုးမြင်တာထက် အကောင်းဘက်ကပဲ မြင်အောင် ကြိုးစားရပါမယ်။ အရေးကြီးတဲ့အရာတစ်ခုခုအတွက် ကစားတဲ့အခါ ဖိအားဆိုတာ ရှိလာစမြဲပါ။ ကျွန်တော်တို့မှာလည်း ဒီလိုအတွေ့အကြုံတွေ ရှိပြီးသားပါ" လို့ ဆိုပါတယ်။

အခုရာသီအစောပိုင်း၊ အဖွင့်ပွဲစဉ်ခြောက်ပွဲဆက်နိုင်ပွဲပျောက်ဆုံးပြီးနောက် လတ်တလောမှာ အက်စတွန်ဗီလာရဲ့အောင်မြင်မှုတွေကို မြင်တွေ့နေရပါပြီ။ အဲ့ဒီကာလတွေမှာ အသင်းအတွက် "တကယ်ကို စိုးရိမ်ခဲ့ရတယ်" လို့ ဝန်ခံခဲ့တဲ့ အမ်မရီက အသင်းကစားသမားတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ချီးကျူးခဲ့ပါတယ်။

ဆက်လက်ပြီး သူက "အကြောင်းအမျိုးမျိုးကြောင့် ရာသီအစမှာ ကျွန်တော်တို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ခက်ခဲတဲ့အချိန်တွေမှာ ကစားသမားတွေရဲ့တုံ့ပြန်ပုံက တကယ့်ကို အံ့ဩစရာကောင်းပါတယ်။ ခက်ခဲတဲ့အချိန်တွေမှာ ကျွန်တော်တို့ ရင့်ကျက်ခဲ့ကြပါတယ်။ ရင့်ကျက်မှုရှိတာနဲ့ တာဝန်ယူစိတ်ရှိတာက ဒီရာသီအတွင်းမှာ ကျွန်တော်တို့ရရှိခဲ့တဲ့ အရေးအကြီးဆုံးအရည်အချင်းတွေပါပဲ။ အစပိုင်းမှာ ကျွန်တော် တကယ်ကို စိုးရိမ်ခဲ့တာပါ။ အချိန်တိုင်းမှာ ဖြေရှင်းနည်းတွေကို ရှာဖွေခဲ့ရပါတယ်။ ကျွန်တော့်မှာ ကစားသမားတွေ ရှိဖို့လိုတယ်၊ ကျွန်တော်တို့လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေနဲ့ တုံ့ပြန်မှုတွေ လိုအပ်ခဲ့ပါတယ်။ ဒါတွေကို ကျွန်တော်တို့အားလုံး အတူတကွ လုပ်ဆောင်နိုင်ခဲ့ကြတာပါ" လို့ ပြောကြားသွားခဲ့ပါတယ်။