ချဲလ်ဆီးနှင့်ပွဲစဉ်မှာ တော့တင်ဟမ်အတွက် သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ ရစ်ချာလီဆန်
အင်္ဂါနေ့၊ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်း ချဲလ်ဆီးကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရစ်ချာလီဆန်က တော့တင်ဟမ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၂,၀၀၀ မြောက်ကို သွင်းယူကာ အသင်းရဲ့ သမိုင်းသစ်ကို ရေးထိုးခဲ့ပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူးက ပွဲချိန်နှောင်းပိုင်းမှာ ပါပေးဆားရဲ့အကွက်မြင်မြင်ဖန်တီးပေးမှုကို အကောင်းဆုံးအသုံးချပြီး သွင်းဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် နှစ်ဂိုးပြတ်ရှုံးနိမ့်နေတဲ့ တော့တင်ဟမ်အတွက် သရေတစ်မှတ်ရရှိနိုင်မလားဆိုတဲ့ မျှော်လင့်ချက်ကို ခေတ္တဖြစ်ပေါ်စေခဲ့ပါတယ်။
အခုလို မှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့မှုက အရေးပါတဲ့အချက်ဖြစ်ပေမဲ့ ဧည့်သည်တော့တင်ဟမ်ကတော့ ပွဲပြီးဆုံးချိန်အထိ ဒုတိယမြောက်ချေပဂိုးကို မရှာဖွေနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ၁၉၉၂ ခုနှစ်မှာ စတင်ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲသက်တမ်းတလျှောက် သွင်းဂိုး ၂,၀၀၀ ပြည့်အောင် သွင်းယူနိုင်တဲ့ ဆဋ္ဌမမြောက်ကလပ်အသင်းအဖြစ် တော့တင်ဟမ်အသင်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
တော့တင်ဟမ်အတွက် ပထမဆုံးပရီးမီးယားလိဂ်ဂိုးကို ၁၉၉၂ ခုနှစ်၊ ဩဂုတ်လအတွင်း ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ဂေါ်ဒွန်ဒူရီက သွင်းယူပေးခဲ့ပြီး ဂိုး ၅၀၀ မြောက်၊ ဂိုး ၁,၀၀၀ မြောက်နဲ့ ဂိုး ၁,၅၀၀ မြောက် သမိုင်းမှတ်တိုင်တွေကိုတော့ လက်စ်ဖာဒီနန်၊ ဒီဖိုးနဲ့ ဟွမ်ဖွိုက်တို့က အသီးသီးစိုက်ထူခဲ့ပါတယ်။
ရစ်ချာလီဆန်ကတော့ အခုရာသီ၊ ပြိုင်ပွဲစုံ ၁၂ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၁၁ ဂိုးမြောက်လည်း ဖြစ်လာခဲ့ပါတယ်။ ဒါက တော့တင်ဟမ်ကစားသမားဘ၀သက်တမ်းတလျှောက် သူ့ရဲ့အကောင်းဆုံးဂိုးသွင်းမှတ်တမ်းကို ပြန်လည်လိုက်မီသွားခြင်း ဖြစ်ပါတယ်။
ခြုံငုံကြည့်မယ်ဆိုရင်တော့ ရစ်ချာလီဆန်က သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ပရီးမီးယားလိဂ်သွင်းဂိုးစုစုပေါင်း သွင်းဂိုး ၇၅ ဂိုးအထိ ရယူနိုင်ခဲ့ပြီးပါပြီ။