မိုဆာလက်ရဲ့လူမှုကွန်ရက်Postကို အာနိုးလ်အပါအဝင် ကစားသမား ၁၀ ဦးကျော် Like ပေးခဲ့ကြ
နည်းပြအန်းစလော့ ရာထူးမှထုတ်ပယ်ခံရဖို့ နီးစပ်နေချိန်မှာပဲ မိုဆာလက်ရဲ့ Instagram Post ကို လီဗာပူးကစားသမားအများအပြား Like ပေးခဲ့ကြပါတယ်။
အက်စတွန်ဗီလာကို အရေးနိမ့်ခဲ့ပြီးနောက် ထွက်ပေါ်လာတဲ့ မိုဆာလက်ရဲ့ရေးသားချက်က လူမှုကွန်ရက်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီး အခုနွေရာသီ၊ အသင်းမှမထွက်ခွာခင်မှာ ကလပ်အသင်းနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။
အခုရာသီမှာ ချန်ပီယံဆုမကာကွယ်နိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် ရုန်းကန်နေရတဲ့ အခြေအနေတွေက အန်းစလော့ရဲ့ ညံ့ဖျင်းတဲ့နည်းဗျူဟာတွေကြောင့် ဖြစ်တယ်လို့လည်း အီဂျစ်တိုက်စစ်မှူးက ပြစ်တင်ပြောဆိုထားပါတယ်။
"ဒီရာသီမှာ နောက်ထပ်ရှုံးနိမ့်မှုတစ်ခုနဲ့ရင်ဆိုင်ခဲ့ရတယ်ဆိုတာ တကယ်ကို နာကျင်ရပြီး ကျွန်တော်တို့ ပရိသတ်တွေ ရသင့်ရထိုက်တဲ့ ရလဒ်မျိုး မဟုတ်ပါဘူး" လို့ သူက ဆိုပါတယ်။
"လီဗာပူးအသင်းကို ပြိုင်ဘက်တွေ ကြောက်လန့်ရတဲ့၊ ဆုဖလားတွေ ဆွတ်ခူးနိုင်တဲ့ Heavy Metal တိုက်စစ်ဆင်မှုပုံစံနဲ့အတူ ပြန်မြင်ချင်ပါတယ်။ အဲဒါကပဲ ကျွန်တော် ကစားတတ်တဲ့ ဘောလုံးစတိုင်ဖြစ်ပြီး ဒါက ပြန်လည်ဖော်ဆောင်ပြီး အမြဲတမ်းထိန်းသိမ်းထားရမယ့် အမှတ်လက္ခဏာတစ်ခုပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
ဒီ Post မှာ Like ပေးသူ တစ်သန်းကျော် ရှိပြီး Like ပေးသူတွေအနက် ဆိုဘိုဆလိုင်း၊ ဂရာဗန်ဘတ်ချ်၊ ကိုနာတေး၊ ရောဘတ်ဆန်နဲ့ အန်ဒိုတို့လည်း ပါဝင်ပါတယ်။
အလားတူ အီကီတီကီ၊ ဖလော်ရီယန်ဝစ်ဇ်၊ ဖရင်ပေါင်၊ လီယိုနီနဲ့ ကာကက်ဇ်တို့အပြင် လီဗာပူးဒေသခံကစားသမားကာတစ်ဂျုံးစ်ပါ Like ပေးခဲ့လို့ အန်းစလော့မှာ အဝတ်လဲခန်းအတွင်း ကစားသမားတွေအပေါ် ထိန်းချုပ်နိုင်စွမ်း လုံး၀မရှိတော့ဘူးဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။
Like ပေးကြသူတွေအနက် လူငယ်ကစားသမားတွေဖြစ်တဲ့ ဘာ့ဂျ်စီတစ်၊ ကယ်လ်ဗင်ရမ်ဆေးနဲ့ ရိုင်းဝီလီယံတို့လည်း ပါဝင်ခဲ့သလို ဒတ်ချ်လူမျိုးနည်းပြလက်အောက် အသင်းရဲ့အနာဂတ် မလှပနိုင်ဘူးဆိုတာ မြင်သာနေပါတယ်။ အသင်းနဲ့အဆင်မပြေဘဲ လမ်းခွဲခဲ့ပြီး ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ဆီရောက်ရှိနေတဲ့ လီဗာပူးကစားသမားဟောင်းအာနိုးလ်ကတောင် မိုဆာလက်ရဲ့အားမလိုအားမရစိတ်ပျက်နေတဲ့ သတင်းစကားကို ထောက်ခံခြင်းအဖြစ် Like ပေးခဲ့ပါတယ်။
အီကီတီကေးက လက်ဆွဲနှုတ်ဆက်တဲ့ အီမိုဂျီနဲ့ မှတ်ချက်ပေးခဲ့ပြီး ကာတစ်ဂျုန်းစ်ကလည်း လက်ခုပ်တီးတဲ့ အီမိုဂျီကို ပို့စ်အောက်မှာ ရေးသားခဲ့ပါတယ်။
လီဗာပူးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်သေချာစေဖို့အတွက် ရာသီပိတ်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို အနိုင်ကစားရန် လိုအပ်ပြီး ဒါက အသင်းအပေါ်ထားရှိတဲ့ မျှော်မှန်းချက်တွေနဲ့ အတော်လေးကွာဟနေပါတယ်။