ရီးရဲလ်မက်ဒရစ်ဆီ နှစ်နှစ်သက်တမ်းရှိစာချုပ်ဖြင့် ပြန်လာဖို့ မော်ရင်ဟို သဘောတူလိုက်ပြီလို့ သတင်းထွက်ပေါ်
အပြောင်းအရွှေ့ကျွမ်းကျင်သူဖာဘရီဇီယိုရိုမာနိုရဲ့ တနင်္လာနေ့သတင်းပေးပို့ချက်အရ မော်ရင်ဟိုနဲ့ ရီးရဲလ်မက်ဒရစ်တို့အကြား သဘောတူညီမှု အပြည့်အ၀ရရှိခဲ့ပြီလို့ သိရပါတယ်။
ဒီသတင်းပို့ချက်မှာပဲ ပေါ်တူဂီလူမျိုးနည်းပြက ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်မြောက်ကိုင်တွယ်ဖို့အတွက် နှစ်နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
တရားဝင်ကြေညာချက်ကိုတော့ ရီးရဲလ်မက်ဒရစ်ရဲ့လာလီဂါရာသီပိတ်ပွဲစဉ်အပြီး နောက်သီတင်းပတ်ထဲမှာ ထုတ်ပြန်သွားဖို့ မျှော်လင့်ရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက လာမယ့်စနေနေ့၊ ဘာနေဗျူးကွင်းမှာ ဘီလ်ဘာအိုကို ဧည့်ခံကစားသွားပါလိမ့်မယ်။
အခုလိုအပြောင်းအရွှေ့ဖြစ်မြောက်လာဖို့အတွက် ရီးရဲလ်မက်ဒရစ်က မော်ရင်ဟိုနဲ့ ဘင်ဖီကာတို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်အလက်တစ်ခုကို အသုံးချခဲ့ပါတယ်။ အဲဒီအချက်ကတော့ ပေါ်တူဂီလိဂ်ပွဲစဉ်တွေပြီးဆုံးပြီး ၁၀ ရက်အတွင်း ယူရို ၃ သန်းခန့် ပေးလျော်မယ်ဆိုရင် ဘယ်ဖက်ကမဆို စာချုပ်ကို ဖျက်သိမ်းနိုင်ခွင့်ရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။
ပေါ်တူဂီနည်းပြကတော့ ဒီအချိန်အတောအတွင်းမှာ စဉ်းစားဆုံးဖြတ်သွားမယ်လို့ ဝန်ခံထားသလို ဘင်ဖီကာအသင်းရဲ့စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားမှုကိုလည်း အတည်ပြုခဲ့ပါတယ်။ အသင်းဥက္ကဋ္ဌရူအီကော်စတာကလည်း အခြေအနေတွေကို ရှင်းပြဖို့အတွက် ဒီသီတင်းပတ်ထဲမှာ အသင်းဝင်တွေနဲ့ တွေ့ဆုံစကားပြောသွားမယ်လို့ ကတိပေးထားပါတယ်။