လိုက်ပ်ဇစ်မှာပဲ ဆက်ရှိနေချင်တဲ့ ဒီအိုမန်ဒီကြောင့် အခက်ကြုံနေရတဲ့ လီဗာပူး
လီဗာပူးရဲ့အပြင်းအထန်စိတ်ဝင်စားမှု ရရှိထားပေမဲ့ လိုက်ပ်ဇစ်လူငယ်ကြယ်ပွင့်ဒီအိုမန်ဒီက ဂျာမနီကလပ်အသင်းမှာပဲ ဆက်ရှိနေမယ်လို့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီ၊ လီဂါနက်စ်မှ လိုက်ပ်ဇစ်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ လူငယ်တောင်ပံကစားသမားက ဂျာမန်မြေမှာ အံ့အားသင့်လောက်စရာကောင်းအောင် ခြေစွမ်းပြနိုင်ခဲ့ပြီး လာမယ့်ရာသီမှာလည်း ရက်ဒ်ဘူးလ်အရီနာကွင်းမှာပဲ ဆက်ရှိနေမယ်လို့ မျှော်လင့်ရပါတယ်။
လီဗာပူးအသင်းက မိုဆာလက်အလွန်နောက်ပိုင်းကာလတွေအတွက် ကြိုတင်ပြင်ဆင်ဖို့နဲ့ အသင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေလို့ အခုလို ခြေစွမ်းပြနေတဲ့ တိုက်စစ်ကစားသမားကို အနီးကပ်စောင့်ကြည့်နေခဲ့ပါတယ်။
ဒါပေမဲ့ ဒီအိုမန်ဒီရဲ့နောက်ဆုံးပြောကြားချက်တွေအရ ဘွန်ဒက်စ်လီဂါမှာပဲ သူ့ရဲ့ခြေစွမ်းပိုင်း တိုးတက်လာဖို့အတွက် ဆက်လက်အာရုံစိုက်သွားမယ်လို့ သိရပါတယ်။
ဒီလူငယ်လေးက အခုရာသီ လိုက်ပ်ဇစ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေပြီး ၁၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ပေခဲ့ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့အသင်းက အမှတ်ပေးဇယားတတိယနေရာမှာ ရပ်တည်ကာ ရာသီသိမ်းခဲ့ပါတယ်။
သူ့ရဲ့အခုလိုအထင်ကြီးစရာခြေစွမ်းကောင်းတွေကြောင့် ဟမ်းဘတ်ရဲ့ဗက်စ်ကိုဗစ်နဲ့ လေဗာကူဆင်ကြယ်ပွင့် အီဘရာဟင်မာဇာတို့ကို ကျော်ဖြတ်ကာ အခုရာသီ၊ ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ အကောင်းဆုံးမျက်နှာသစ်ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။