၂၀၂၅-၂၀၂၆ ဘောလုံးရာသီအပြီး နည်းပြအဲလ်ဘတ်ရီးရာနဲ့ တရားဝင်လမ်းခွဲလိုက်တဲ့ ဖရန့်ဖတ်
၂၀၂၅-၂၀၂၆ ဘွန်ဒက်လီဂါဘောလုံးရာသီကို အမှတ်ပေးဇယားအဆင့်-၈ နေရာနဲ့ပဲ အဆုံးသတ်ပြီးနောက် ဖရန့်ဖတ်အသင်းက နည်းပြအဲလ်ဘတ်ရီးရာကို ရာထူးမှထုတ်ပယ်လိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။
အခုလို လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို နှစ်ဖက်သဘောတူညီမှုပြုလုပ်ခဲ့တယ်လို့လည်း ကလပ်အသင်းရဲ့ တနင်္ဂနွေနေ့ညနေပိုင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ရီးရာက ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ အသင်းကို စတင်တာဝန်ယူခဲ့ပြီး ၄ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၅ ပွဲရှုံး ရလဒ်တွေနဲ့အတူ ကာလတိုနည်းပြဘ၀သက်တမ်းကို အဆုံးသတ်သွားပါတယ်။ သူနဲ့အတူ လက်ထောက်နည်းပြတွေဖြစ်တဲ့ ပါဘလို ရီမွန် အာတီတာနဲ့ လော်ရန်ဇို ဒိုလ်ချက်တီတို့လည်း အသင်းမှ ထွက်ခွာသွားပါလိမ့်မယ်။
ဖရန့်ဖတ်အသင်းအားကစားဒါရိုက်တာမားကပ်စ်ခရော့ရှ်က “သေချာဆွေးနွေးတိုင်ပင်ပြီးနောက် ကျွန်တော်တို့အကြား ပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းရပ်တန့်ဖို့ နှစ်ဖက်သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။ အဲလ်ဘတ်ရီးရာက အသင်းအတွက် အခက်ကြုံနေချိန်မှာ တာဝန်ယူပေးခဲ့ပြီး အစွမ်းကုန်ကြိုးစားအားထုတ်ပေးခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် “အဲလ်ဘတ်ရီးရာနဲ့ သူ့ရဲ့နည်းပြအဖွဲ့က အသေးစိတ်ကျတဲ့လုပ်ဆောင်မှုတွေမှတဆင့် ကျွန်တော်တို့အတွက် တန်ဖိုးရှိတဲ့ တွန်းအားတွေကို ဖန်တီးပေးနိုင်ခဲ့လို့ သူတို့ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ အသင်းရဲ့အားကစားဆိုင်ရာတိုးတက်မှုတွေကို ပွင့်ပွင့်လင်းလင်း ဆန်းစစ်ကြည့်တဲ့အခါ နောက်ရာသီမှာ လမ်းကြောင်းသစ်တစ်ခုဆီသွားဖို့ လိုအပ်တယ်ဆိုတဲ့ ကောက်ချက်ကို ရောက်ရှိခဲ့ပါတယ်။ အဲလ်ဘတ်ရီးရာ၊ ပါဘလို ရီမွန် အာတီတာနဲ့ လော်ရန်ဇို ဒိုလ်ချက်တီတို့အတွက် ပုဂ္ဂိုလ်ရေးအရရော၊ ပရော်ဖက်ရှင်နယ်လုပ်ငန်းခွင်မှာပါ အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ခရော့ရှ်က ဆက်လက်ပြောပါတယ်။
ရီးရာကလည်း “နည်းပြချုပ်တစ်ဦးအဖြစ် ရလဒ်တွေအတွက် ကျွန်တော် တာဝန်ယူပါတယ်။ ဒီကာလအတွင်း ကျွန်တော့်ရဲ့တစ်ခုတည်းသောအာရုံစိုက်မှုက အသင်းတိုးတက်ဖို့နဲ့ အောင်မြင်မှုရရှိဖို့ပါပဲ။ အသင်းနဲ့ ကစားသမားတွေကို ကာကွယ်ပေးဖို့ဆိုတာ ကျွန်တော့်ရဲ့တာဝန်လို့ ခံစားရပြီး ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီလိုပဲ ထပ်ပြီး လုပ်ဆောင်သွားပါမယ်။ ကွင်းထဲမှာ အောင်မြင်မှုရဖို့အတွက် အာရုံစိုက်နိုင်အောင် အခုလိုလုပ်ဖို့ လိုအပ်တယ်လို့ ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ကိုယ်ကျိုးစီးပွားကို ဘယ်တုန်းကမှ ထည့်မတွက်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ရည်မှန်းချက်ကတော့ ကစားသမားတွေကို ဖွံ့ဖြိုးအောင် လုပ်ပေးဖို့နဲ့ အောင်မြင်မှုတွေ ရယူဖို့ပါပဲ။ အနာဂတ်မှာလည်း ဒါကပဲ ကျွန်တော့်ရဲ့ ရည်မှန်းချက် ဖြစ်နေပါဦးမယ်” လို့ ဆိုပါတယ်။