ဖရန့်ဖတ်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်တဲ့ မာရီယိုဂေါ့ဇီ
ဖရန့်ဖတ်က မာရီယိုဂေါ့ဇီနဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီလို့ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းမှာ အတည်ပြုထုတ်ပြခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်ဝါရင့်ကစားသမားရဲ့လက်ရှိစာချုပ်က အခုဘောလုံးရာသီကုန်ဆုံးချိန်၊ သက်တမ်းပြည့်မြောက်ဖို့ရှိနေပြီး လတ်တလောမှာတော့ ဘွန်ဒက်စ်လီဂါကလပ်နဲ့ ကစားသမားအကြား နောက်ထပ်နှစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်နိုင်ပါပြီ။
ဖရန့်ဖတ်အားကစားဒါရိုက်တာ မားကပ်စ်ခရော့ရှ်က " ဂေါ့ဇီက အသင်းလူစာရင်းပိုင်းအတွက်တင်မက ကလပ်အသင်းတစ်ခုလုံးအတွက်ပါ အလွန်အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်သလို စံပြပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မားကပ်စ်ခရော့ရှ်က "သူက ကစားသမားဘဝတလျှောက် အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေနဲ့ အရာရာကို ကြုံတွေ့ခဲ့ဖူးပါတယ်။ အဲ့ဒီမှတဆင့် ရရှိလာတဲ့ အတွေ့အကြုံကောင်းတွေကို အခုတော့ ကျွန်တော်တို့အသင်းမှာရှိတဲ့ လူငယ်ကစားသမားတွေဆီ ပြန်လည်မျှဝေပေးဖို့ သူ ဆန္ဒရှိနေပါတယ်" ဟု ဆိုပါတယ်။
ဂေါ့ဇီကိုယ်တိုင်ကလည်း "ဘောလုံးကစားရတာကို မြတ်နိုးတာရယ်၊ ဒီကလပ်အသင်းအပေါ် ချစ်ခင်တာရယ်ကြောင့် စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။ လောလောဆယ်မှာ ကျွန်တော်တို့ ကျော်ဖြတ်ရမယ့် စိန်ခေါ်မှုတချို့ ရှိနေပေမဲ့ အားလုံးကိုရင်ဆိုင်ဖို့ အသင့်ပါပဲ" ဟု အလေးအနက်ပြောကြားခဲ့ပါတယ်။
"မကြာခင်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ ဥပမာအားဖြင့် ဖလားကို နောက်တစ်ကြိမ်ထပ်ပြီးဆွတ်ခူးနိုင်မယ်ဆိုရင်တော့ အရမ်းကောင်းပါတယ်" လို့ ကွင်းလယ်လူက ဆိုပါတယ်။
၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဂေါ့ဇီက ၂၀၂၂ ခုနှစ် နွေရာသီမှာ အသင်းဟောင်းပီအက်စ်ဗွီမှ ဖရန့်ဖတ်ဆီ ပြောင်းရွှေ့ကြေးယူရိုသုံးသန်းဖြင့် ရောက်ရှိလာခဲ့ပါတယ်။
လက်ရှိအချိန်အထိ ဂေါ့တ်ဇေက ဘွန်ဒက်စ်လီဂါကလပ်အသင်းအတွက် စုစုပေါင်း ၁၄၈ ပွဲ ပါဝင်ကစားပေးထားပြီး ၁၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။