နာပိုလီကို အပြီးသတ်ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ ဟွိုက်လန်း
ရပ်စမတ်စ် ဟွိုက်လန်းက မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက် လူမှုကွန်ရက်ကတစ်ဆင့် စိတ်လှုပ်ရှားစရာကောင်းတဲ့ နှုတ်ဆက်စကားလေးပါးပြီး နာပိုလီအသင်းဆီ အပြီးသတ်ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ တိုက်စစ်မှူးသစ် ဘင်ဂျမင် ရှက်စကို အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိလာပြီးနောက် အန်တိုနီယို ကွန်တီရဲ့ နာပိုလီအသင်းဆီကို အငှားနဲ့ သွားရောက်ပူးပေါင်းခဲ့တာပါ။ ဟွိုက်လန်းဟာ အီတလီမြေမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ၄၂ ပွဲကစားရာမှာ ၁၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
နာပိုလီအသင်းက ပီဆာအသင်းကို ၃ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိပြီးနောက် စီးရီးအေ အဆင့် ၄ အတွင်း ဝင်ရောက်သွားနိုင်ခဲ့တာကြောင့် ပေါင် ၃၈ သန်းနဲ့ အပြီးသတ်ဝယ်ယူရမယ့် အချက်ဟာ အလိုအလျောက် အသက်ဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။
ဟွိုက်လန်းက သူ့ရဲ့ အင်စတာဂရမ်မှာ မန်ယူပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ် သတင်းစကားပါးခဲ့ရာမှာ "မန်ချက်စတာယူနိုက်တက်ကို နှုတ်ဆက်ရတာဟာ တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ခံစားချက်တစ်ခုပါပဲ။ အိုးလ်ထရက်ဖို့ဒ်မှာ အနီရောင်ဂျာစီဝတ်ပြီး ကစားခွင့်ရခဲ့တာဟာ ကျွန်တော့်ရဲ့ ငယ်ဘဝအိပ်မက်တွေ တကယ်ဖြစ်လာခဲ့တာပါ" လို့ ရေးသားခဲ့ပါတယ်။
ဆက်လက်ပြီး "ပရိသတ်တွေရဲ့ အားပေးမှုတွေက ကျွန်တော့်ကို ကိုယ့်အိမ်ကိုယ့်ယာလို ခံစားရစေသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြန်ရအောင်လည်း ကူညီပေးခဲ့တဲ့အတွက် တကယ်ကို ကျေးဇူးတင်မိပါတယ်။ ဒါကြောင့် ဒီနေ့သွင်းလိုက်တဲ့ဂိုးဟာ ယုံကြည်မှုအပြည့်နဲ့ စတင်မယ့် အစပျိုးမှုအသစ်တစ်ခုဖြစ်ပြီး နာပိုလီမှာ ရှိနေမယ့်အချိန်တွေအတွက် အစွမ်းကုန် ကြိုးစားသွားပါမယ်။ ကျွန်တော့်ရဲ့ ငယ်ဘဝအိပ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်က ပရိသတ်တွေ၊ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုတော့ အိပ်မက်သစ်တွေကို အကောင်အထည်ဖော်ရမယ့်အချိန် ရောက်ပြီမို့ အားလုံးအတူတူ ကြိုးစားလိုက်ကြရအောင်" လို့ ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါတယ်။