ဂျူဗင်တပ်စ်နဲ့ အေစီမီလန်တို့ စိတ်ဝင်စားနေတဲ့ ဂျီးဆပ်ကို အာဆင်နယ်က ဈေးနှုန်းသတ်မှတ်
သတင်းတွေအရ အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီမှာ ဂါဘရီရယ်ဂျီးဆပ်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး အေစီမီလန်နဲ့ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေကြပါတယ်။ ဒါပေမဲ့ အာဆင်နယ်ဘက်ကတော့ သူတို့အလိုရှိတဲ့ ဈေးနှုန်းရမှသာ ရောင်းချသွားမှာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ဂျီးဆပ်ဟာ ဒီရာသီမှာ ဒူးအရွတ်ဒဏ်ရာ (ACL) ကြောင့် အာဆင်နယ်အသင်းမှာ အရန်ကစားသမားအဖြစ်သာ အများဆုံး ပါဝင်နေရပြီး၊ ပရီမီယာလိဂ် ၁၃ ပွဲ ကစားထားရာမှာ ၂ ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရထားပါတယ်။
CaughtOffside ရဲ့ ဖော်ပြချက်အရ မီခေးလ်အာတီတာရဲ့အသင်းဟာ ဂျီးဆပ်ကို လာမယ့်နွေရာသီမှာ ရောင်းချဖို့ စီစဉ်နေပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၃၀ လို့ သတ်မှတ်ထားပါတယ်။
ဂျီးဆပ်ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် အခုလာမယ့်နွေရာသီဟာ အာဆင်နယ်အတွက် သူ့ကို ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ရောင်းချနိုင်မယ့် နောက်ဆုံးအချိန်လည်း ဖြစ်နေပါတယ်။
အီတလီကလပ်တွေဖြစ်တဲ့ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်တို့က ဂျီးဆပ်ကို ခေါ်ယူဖို့ အားသန်နေကြသလို၊ သူ့ရဲ့ကလပ်ဟောင်းဖြစ်တဲ့ ပါးလ်မီးရပ်စ်အသင်းနဲ့လည်း ဒီတိုက်စစ်မှူးဟာ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။