မိုဆာလက်ရဲ့ဖွင့်ဟချက်နဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ထုတ်ပြောလာတဲ့ လီဗာပူးဂန္ထဝင်စတီဗင်ဂျရတ်
လီဗာပူးဂန္ထဝင်ကစားသမားစတီဗင်ဂျရတ်က အသင်းရဲ့ကစားဟန်အပေါ်ဝေဖန်ခဲ့တဲ့ မိုဆာလက်ရဲ့ပြောကြားချက်ကို နည်းပြအန်းစလော့အတွက် ခွဲခွာခြင်းမှတ်တိုင်ရဲ့လမ်းစတစ်ခု ဖြစ်လာနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်မိုဆာလက်က အခုနွေရာသီမှာ လီဗာပူးမှ ထွက်ခွာဖို့ရှိနေပြီး အသင်းမှာ ကိုးနှစ်ကြာကျင်လည်ခဲ့မှုကို အဆုံးသတ်သွားဖို့ ရှိနေပါတယ်။
ဒါပေမဲ့ ဒီတိုက်စစ်မှူးက စိတ်ပျက်စရာကောင်းတဲ့ဘောလုံးရာသီအပြီး လီဗာပူးကို ယာဂန်ကလော့ပ်ရဲ့ 'Heavy Metal Football' (အရှိန်အဟုန်ပြင်းတဲ့ ကစားဟန်) ဆီပြန်သွားဖို့ လိုအပ်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့၊ အက်စတွန်ဗီလာကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် လီဗာပူးက အမှတ်ပေးဇယားပဉ္စမနေရာဆီ ရောက်ရှိသွားပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် စိုးရိမ်စရာကောင်းလာခဲ့ပါတယ်။
အက်ဖ်အေဖလားဗိုလ်လုပွဲအတွင်း TNT Sports နဲ့တွေ့ဆုံချိန် ဆာလာရဲ့ဖွင့်ဟချက်က နည်းပြအန်းစလော့အတွက် အခြေအနေတွေ တော်တော်လေး ဆိုးရွားနေတယ်ဆိုတာ ပြသနေတယ်လို့ ဂျရတ်က ဆိုပါတယ်။
"မိုဆာလက်က စကား သိပ်ပြောလေ့ရှိသူ မဟုတ်သလို တွစ်တာမှာလည်း စာသိပ်ရေးလေ့မရှိပါဘူး။ အခုလိုမျိုး ရေးတာကတော့ ပိုပြီးတော့တောင် ထူးခြားနေပါတယ်" လို့ ဂျရတ်က ပြောပါတယ်။
"ဒါကြောင့် သူက လီဗာပူးအသင်းအဝတ်လဲခန်းထဲမှာ တစ်ခုခုမှားယွင်းနေပြီဆိုတဲ့ သတင်းစကားကို အပြင်လူတွေသိအောင် ပို့ဆောင်လိုက်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အသင်းရဲ့ပုံစံပျောက်ဆုံးနေတာကို သူကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့နေရတာ သူ့ကို တကယ်ပဲ စိတ်နာကျင်စေပုံရပါတယ်" လို့ ဆက်ပြောပါတယ်။
"ကစားဖို့ တစ်ပွဲပဲ ကျန်တော့ချိန်၊ လီဗာပူးအတွက် သူ့ရဲ့နောက်ဆုံးပွဲဖြစ်မယ့်အချိန်မှာ အခုလို ပြောလိုက်တယ်ဆိုတာကို ကျွန်တော် အံ့သြမိပါတယ်။ သူက စကားသိပ်ပြောလေ့မရှိပေမဲ့ အခုက သူ့ရဲ့ အံ့အားသင့်စရာကောင်းတဲ့ လီဗာပူးကစားသမားဘဝအဆုံးသတ်ချိန်ဖြစ်လို့ ပြောလာတာပါ။ ဒါပေမဲ့ အခုပြောဆိုချက်က အသင်းရဲ့အခြေအနေနဲ့ပတ်သက်လို့ လီဗာပူးနည်းပြနဲ့ အဖွဲ့ဝင်တွေအတွက်တော့ တကယ့်ကို ဆိုးရွားတဲ့ ထိုးနှက်ချက်ပါပဲ" လို့ ဂျရတ်က ဆိုပါတယ်။