လီဗာပူးရဲ့ရှုံးနိမ့်မှုအပြီး အန်းစလော့ကို ခပ်ပါးပါးလေးဝေဖန်သွားတဲ့ မိုဆာလက်
လီဗာပူးအသင်းမှာ ၉ နှစ်ကြာဖြတ်သန်းခဲ့တဲ့ မိုဆာလက်ရဲ့ အံ့အားသင့်စရာကစားသမားဘဝက အခုတော့ အဆိုးရွားဆုံးပုံစံနဲ့အတူ အဆုံးသတ်သွားမယ့် အခြေအနေမျိုး ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့သောကြာညပိုင်းပွဲစဉ်မှာ အက်စတွန်ဗီလာကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့လို့ လီဗာပူးနည်းပြအန်းစလော့ရဲ့အနာဂတ်အတွက် ဖိအားတွေ ပိုများလာခဲ့ပါတယ်။
စိတ်ပျက်စရာညတစ်ခုဖြစ်ခဲ့ပေမဲ့ လီဗာပူးအတွက် အကောင်းမြင်စရာအချက်တစ်ခုကတော့ ဒဏ်ရာကြောင့် နှစ်ပွဲဆက်လွဲချော်ခဲ့တဲ့ မိုဆာလက် တစ်ကျော့ပြန်ပါဝင်လာနိုင်ခဲ့တာပါပဲ။
ဗီလာပတ်ခ်ကွင်းပွဲစဉ်ရဲ့ ပွဲချိန်နှောင်းပိုင်း ၁၆ မိနစ်မှာ အီဂျစ်ဘုရင်ကြီးက ခြေစွမ်းမပြနိုင်တဲ့ဂတ်ပိုရဲ့နေရာကို လူစားဝင်ကစားခဲ့ပေမဲ့ အသင်းရဲ့အခြေအနေကိုတော့ မပြောင်းလဲပေးနိုင်ခဲ့ပါဘူး။
ဒီပွဲစဉ်အပြီးမှာ အန်းစလော့ရဲ့လီဗာပူးအသင်းက ၃၈ ပွဲကစားရတဲ့ ပရီးမီးယားလိဂ်ဘောလုံးရာသီတစ်ခုအတွင်း ၅၂ ဂိုးအထိ ခွင့်ပြုပေးရတဲ့ စံချိန်မှတ်တမ်းဆိုးတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပြီး လမ်းကြောင်းမှန်ဆီသာ ပြန်မလာနိုင်ဘူးဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့တောင် လွဲချော်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
တကယ်လို့ ဘရိုက်တန်နဲ့ ဘုန်းမောက်တို့က သူတို့ရဲ့လက်ကျန်ပွဲစဉ်နှစ်ခုလုံး အနိုင်ရပြီး ဘရန့်ဖို့ဒ်ကို လီဗာပူးတို့ ရှုံးနိမ့်သွားမယ်ဆိုရင် အန်းစလော့ရဲ့အသင်းက အမှတ်ပေးဇယားသတ္တမနေရာနဲ့ ရာသီသိမ်းသွားရပါလိမ့်မယ်။
ဆာလက်ကတော့ ဒါမျိုးမဖြစ်လာအောင် အစွမ်းကုန် တားဆီးချင်နေပါတယ်။ အက်စတွန်ဗီလာနဲ့ပွဲစဉ် နာကျင်စရာရှုံးနိမ့်မှုအပြီး သူက ဆိုရှယ်မီဒီယာမှတဆင့် ပရိသတ်တွေဆီ သတင်းစကားပါးခဲ့ပြီး ယာဂန်ကလော့ပ်လက်ထက် "Heavy Metal" ဘောလုံးကစားဟန်ဆီ ပြန်သွားဖို့တောင် တိုက်တွန်းခဲ့ပါတယ်။
မိုဆာလက်က "ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဆိုတာ အနိမ့်ဆုံးလုပ်ဆောင်ရမယ့် အရာပါ" လို့ ဆိုကာ သူ့ရဲ့ ပို့စ်ကို အဆုံးသတ်ခဲ့ပါတယ်။ မိုဆာလက်အတွက် လီဗာပူးကစားသမားဘ၀နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်ကိုသာ အနိုင်ရရှိမယ်ဆိုရင် ကြိုးကြာနီတွေက လာမယ့်ဘောလုံးရာသီသစ်မှာ ဥရောပရဲ့အဆင့်အမြင့်ဆုံးဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ပါဝင်ဆင်နွှဲခွင့် ရရှိပါလိမ့်မယ်။