ယူနိုက်တက်ရဲ့ ပစ်မှတ်ကစားသမား အဲလီးယော့ အန်ဒါဆန်ကို ချီးကျူးလိုက်တဲ့ မိုက်ကယ် ကားရစ်
လာမယ့် တနင်္ဂနွေနေ့ (မေလ ၁၇ ရက်) မှာ ကစားမယ့် ပွဲစဉ်မတိုင်ခင် မန်ယူနည်းပြ မိုက်ကယ် ကားရစ်က နော့တင်ဟမ်ဖောရက်စ် အသင်းရဲ့ ကွင်းလယ်လူ အဲလီးယော့ အန်ဒါဆန်ကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ မန်ယူနဲ့ ဖောရက်စ်အသင်းတို့ဟာ ၂၀၂၅-၂၆ ပရီမီယံလိဂ် ရာသီရဲ့ နောက်ဆုံးပွဲစဉ် မတိုင်ခင် ပွဲစဉ်ကို လာမယ့် တနင်္ဂနွေနေ့မှာ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ရင်ဆိုင်ကစားကြမှာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် အန်ဒါဆန်ဟာ ဒီရာသီမှာ ဖောရက်စ်အသင်းအတွက် အဓိက ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး လိဂ်ပွဲစဉ် ၃၆ ပွဲမှာ ၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားပါတယ်။ နွေရာသီ အပြောင်းအရွှေ့ကာလ မတိုင်ခင်မှာပဲ ဒီကွင်းလယ်လူရဲ့ ခြေစွမ်းကောင်းတွေဟာ မန်ယူအသင်းနဲ့ ပြိုင်ဘက် မန်စီးတီးအသင်း အပါအဝင် ကလပ်အသင်းတော်တော်များများရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာပါ။
ပွဲမတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ကားရစ်က အန်ဒါဆန်နဲ့ ပတ်သက်ပြီး "သူ တကယ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ သူဟာ သူတို့အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ သူက အသင်းအတွက် အများကြီး စွမ်းဆောင်ပေးနိုင်သလို သူတို့အသင်းကလည်း အရည်အချင်းရှိပြီး အန္တရာယ်များတဲ့ အသင်းတစ်သင်းပါ။ (ယူရိုပါလိဂ်) ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့တဲ့ သူတို့အတွက်တော့ ဒါဟာ ကောင်းမွန်တဲ့ ရာသီတစ်ခုဖြစ်ပြီး ကံမကောင်းလို့သာ ရှုံးနိမ့်ခဲ့ရတာပါ။ ဒါပေမဲ့ သူဟာ အသင်းရဲ့ အရေးကြီးတဲ့ ကစားသမားဖြစ်တယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်" လို့ ချီးကျူးခဲ့ပါတယ်။
ကားရစ်နဲ့ အန်ဒါဆန် နှစ်ယောက်စလုံးဟာ တိုင်းဆိုက်ဒ် (Tyneside) အရပ်က ဝေါလ်ဆင်းဒ် ဘွိုင်းစ်ကလပ် (Wallsend Boys Club) မှာ ဘောလုံးသမားဘဝကို အတူတူ စတင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။