အခုရာသီကုန်၊ ရိုးမားအသင်းမှ ထွက်ခွာမယ်လို့ အတည်ပြုလိုက်တဲ့ အယ်လ်ရှာရာဝီ
ရိုးမားတောင်ပံကစားသမားအယ်လ်ရှာရာဝီက လာမယ့်နွေရာသီမှာ အသင်းမှ ထွက်ခွာတော့မယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ကစားသမားက အခုရာသီ၊ စီးရီးအေမှာ ရိုးမားအသင်းအတွက် ပွဲကစားခွင့်နည်းပါးခဲ့ပြီး ၁၈ ပွဲ ကစားခဲ့ရာမှာ ငါးပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ အဲဒီပွဲတွေမှာတော့ ဂိုသွင်းနိုင်ခြင်းမရှိဘဲ ဂိုးဖန်တီးမှုနှစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။
အခုတော့ အယ်လ်ရှာရာဝီက သူ့ရဲ့ အင်စတာဂရမ် (Instagram) စာမျက်နှာမှတဆင့် ရာသီကုန်ဆုံးချိန်၊ စာချုပ်သက်တမ်းပြည့်မြောက်တာနဲ့ အသင်းမှ ထွက်ခွာမယ်လို့ ကြေညာခဲ့ပါတယ်။ ရိုးမားအသင်းကတော့ လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ကြိုးစားနေပြီး မြို့ခံပြိုင်ဘက်လာဇီယိုအသင်းနဲ့ ရောမဒါဘီပွဲစဉ်အပါအဝင် လက်ကျန်ပွဲစဉ်နှစ်ပွဲ ကစားဖို့ ကျန်ရှိနေပါသေးတယ်။
အီတလီလက်ရွေးစင်ဟောင်းက ရိုးမားအသင်းမှာ နှစ်ကြိမ်တိုင်ကစားခဲ့ပြီး အသင်းအတွက် စုစုပေါင်း ၃၄၆ ပွဲအထိ ကစားကာ ၆၅ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၅၀ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။