The network connection is lost.

Banner Image

ဘောလုံးသမားဘဝကနေ အနားယူတော့မယ်လို့ အတည်ပြုပြောကြားပြီးနောက် ရင်ဖွင့်စကားပါးလာတဲ့ အက်ရှ်လေယန်း

ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူတော့မယ်လို့ အတည်ပြုပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာပဲ အက်ရှ်လေယန်းဟာ လူမှုကွန်ရက်ကနေတစ်ဆင့် ရင်ထဲရှိတဲ့ စကားတွေကို ရေးသားဖော်ပြခဲ့ပါတယ်။

ဒီနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အသက် ၄၀ အရွယ် အက်ရှ်လေယန်းဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ ဘောလုံးကစားသမားဘဝမှ အနားယူဖို့ တရားဝင်ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သူ ဖြတ်သန်းခဲ့တဲ့ ထူးခြားပြောင်မြောက်တဲ့ ကစားသမားဘဝကို ဂုဏ်ယူစွာနဲ့ ပြန်လည်ကြည့်ရှုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
သူဟာ ကလပ်အသင်းပေါင်းစုံအတွက် ၇၆၅ ပွဲအထိ ကစားပေးခဲ့ပြီး ၈၈ ဂိုး သွင်းယူပေးခဲ့သူပါ။ ၂၀၂၅ နွေရာသီမှာ အစ်ဝစ်ချ်အသင်းကို မပြောင်းခင်အထိ ဝက်ဖို့ဒ်၊ အက်စတွန်ဗီလာ၊ မန်ယူနိုက်တက်၊ အင်တာမီလန်နဲ့ အဲဗာတန်စတဲ့ အသင်းတွေမှာ ပါဝင်ကစားပေးခဲ့ပါတယ်။

မန်ယူအသင်းမှာ ရှိစဉ်ကာလအတွင်း ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ယူရိုပါလိဂ် ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့သလို အီတလီမှာလည်း စီးရီးအေဖလားကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၂၀၀၇ ခုနှစ်မှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး စုစုပေါင်း ၃၉ ပွဲ ကစားပေးခဲ့ပါတယ်။

အခုအခါမှာတော့ သူဟာ ထိပ်တန်းအဆင့်မှာ ဖြတ်သန်းခဲ့တဲ့ သူ့ရဲ့ပြောင်မြောက်တဲ့ ကစားသမားဘဝကို ဂုဏ်ယူစွာ ပြန်လည်ကြည့်ရှုရင်း လူမှုကွန်ရက်ကနေ နောက်ဆုံးနှုတ်ဆက်စကားကို ပါးလိုက်တာပါ။

"ကျွန်တော့်ရဲ့ ကစားသမားဘဝကို အခုလို အဆုံးသတ်ချိန်မှာ ပြန်ကြည့်လိုက်တော့ 'ဝိုး... တကယ့်ကို အံ့ဩစရာကောင်းတဲ့ ခရီးလမ်းပါလား' လို့ပဲ ရိုးရိုးသားသား ပြောချင်ပါတယ်" လို့ သူက X (တွစ်တာ) မှာ ရေးသားခဲ့ပါတယ်။

"ကိုယ်ရရှိခဲ့တဲ့ အောင်မြင်မှုတွေ၊ ဆွတ်ခူးခဲ့တဲ့ ဆုဖလားတွေကို ပြန်ကြည့်ရတာ ငယ်ဘဝက အိပ်မက်တွေ တကယ်ဖြစ်လာသလိုပါပဲ။ ငယ်စဉ်က စိတ်ကူးယဉ်ရုံသာ တတ်နိုင်ခဲ့တဲ့ အိပ်မက်တွေကို အခုလို လက်တွေ့ဖော်ဆောင်နိုင်ခဲ့တဲ့အတွက် အမြဲတမ်း ကျေးဇူးတင်နေမှာပါ။"

"ပရီးမီးယားလိဂ် ဆုတံဆိပ်ကို ရယူနိုင်ခဲ့တာဟာ ကျွန်တော့်အတွက် စကားလုံးနဲ့တောင် ဖော်ပြဖို့ မတတ်နိုင်လောက်အောင်ပါပဲ။ တခြားဆုဖလားတွေ အများကြီးအကြောင်းလည်း ပြောလို့ရပေမဲ့ ပရီးမီးယားလိဂ်ဖလားက ဘယ်လောက်အရေးပါတယ်ဆိုတာ အားလုံးသိကြမှာပါ။"

"တခြားနိုင်ငံကို ပြောင်းရွှေ့ပြီး ၁၀ နှစ်ကြာ ဖလားလက်မဲ့ ဖြစ်နေတဲ့ အင်တာမီလန်အသင်းကို စီးရီးအေဖလား ပြန်လည်ရရှိအောင် ကူညီပေးနိုင်ခဲ့တာ၊ အဲ့ဒီလို သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တဲ့ လက်တစ်ဆုပ်စာ အင်္ဂလန်ကစားသမားတွေထဲမှာ ပါဝင်ခွင့်ရခဲ့တာတွေဟာ တကယ်ကို ထူးခြားတဲ့ ခံစားချက်ပါပဲ" လို့ ရေးသားခဲ့ပါတယ်။

အက်ရှ်လေယန်းဟာ အခုအခါမှာတော့ သူ့ရဲ့ဘဝ နောက်ထပ်စာမျက်နှာသစ်အတွက် ပြင်ဆင်နေပြီး အသင်းနည်းပြအဖြစ် ဆက်လက်လုပ်ကိုင်သွားဖို့လည်း အလားအလာရှိနေပါတယ်။