အဲလီးယော့ရဲ့ ပွဲထွက်ခွင့်လျော့နည်းမှုက တစ်သင်းလုံးအတွက် အရှက်ရစရာဖြစ်တယ်လို့ဆိုလိုက်တဲ့ အမ်မရီ
ဒီရာသီမှာ ဟာဗေးအဲလီးယော့ ကစားခွင့်မရတဲ့အပေါ် အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက "အားလုံးအတွက် အရှက်ရဖို့ကောင်းတယ်" လို့ ပြောလိုက်ပါတယ်။
အဲလီးယော့ဟာ ပြီးခဲ့တဲ့နှစ်က လီဗာပူးကနေ ဗီလာဆီ တစ်ရာသီအငှားနဲ့ လာရောက်ပူးပေါင်းခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၄ ပွဲပဲ ကစားခွင့်ရထားပါတယ်။
သူဟာ စက်တင်ဘာလက ဖူလ်ဟမ်နဲ့ပွဲမှာ ဒီရာသီအတွက် တစ်ကြိမ်တည်းသော ပွဲထွက်ခွင့်ရခဲ့ပေမဲ့ ပထမပိုင်းအပြီးမှာတင် လူစားလဲခံခဲ့ရပြီး ဖေဖော်ဝါရီလကတည်းက ပရီမီယာလိဂ်မှာ ထပ်ပြီးကစားခွင့်မရတော့တာပါ။
အကယ်၍ အသက် ၂၃ နှစ်အရွယ် အဲလီးယော့သာ လိဂ်ပွဲ ၁၀ ပွဲအထိ ကစားခဲ့မယ်ဆိုရင် ဗီလာအသင်းအနေနဲ့ သူ့ကို ပေါင် ၃၅ သန်းနဲ့ အပြီးသတ်ဝယ်ယူရမယ့် တာဝန်ရှိတယ်ဆိုတဲ့ အချက် စာချုပ်ထဲမှာ ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၅ ယူရို ယူ-၂၁ ချန်ပီယံဆုရခဲ့တဲ့ အင်္ဂလန်လူငယ်အသင်းမှာ ခြေစွမ်းပြခဲ့သူ အဲလီးယော့ကတော့ အခုရာသီကုန်ရင် အန်ဖီးလ်ကို ပြန်မှာက သေချာနေပါပြီ။
သောကြာနေ့မှာကစားမယ့် အဲလီးယော့ရဲ့ မိခင်ကလပ် လီဗာပူးနဲ့ပွဲမတိုင်ခင် အမ်မရီက "ဒါဟာ ပါဝင်ပတ်သက်သူအားလုံးအတွက် အရှက်ရဖို့ကောင်းတဲ့ အရာပါ။ ဟာဗေးအဲလီးယော့အတွက် ကျွန်တော် တောင်းပန်ချင်တဲ့စိတ်က နေ့တိုင်း စိတ်ထဲမှာ ရှိနေပါတယ်" လို့ ပြောပါတယ်။
"ဒါပေမဲ့ ဒါဟာ တာဝန်ယူမှု၊ တာဝန်ခံမှုပါပဲ။ ကျွန်တော်တို့မှာလည်း ကျွန်တော်တို့ တာဝန်ရှိသလို လီဗာပူးမှာလည်း သူတို့တာဝန် သူတို့ရှိပါတယ်။ လူသားတစ်ယောက်အနေနဲ့၊ ပုဂ္ဂိုလ်ရေးအရကြည့်ရင် ဒီရာသီမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေက တကယ်ကို ခက်ခဲပါတယ်" လို့ သူက ဆိုပါတယ်။
လီဗာပူးနည်းပြ အာနယ်ဆလော့ကလည်း အဲလီးယော့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်မချခင် လာမယ့်ရာသီကြိုခြေစမ်းပွဲတွေမှာ သူ့ကိုယ်သူ သက်သေပြဖို့ အခွင့်အရေးပေးသွားမယ်လို့ အတည်ပြုထားပါတယ်။
"သူဖြစ်ချင်သလို၊ ကျွန်တော်တို့ဖြစ်ချင်သလို၊ ပြီးတော့ ဗီလာဖြစ်ချင်သလိုမျိုး ဖြစ်မလာခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ပုံမှန်အားဖြင့် ကစားသမားတစ်ယောက်ကို ဝယ်တာဖြစ်ဖြစ်၊ အငှားခေါ်တာဖြစ်ဖြစ်က အသုံးပြုဖို့အတွက်ပဲလေ" လို့ ဆလော့က ပြောပါတယ်။
"သူက ကျွန်တော်တို့နဲ့ စာချုပ်ရှိနေတာကြောင့် ရာသီအစမှာ ကျွန်တော်တို့နဲ့အတူ ရှိနေမှာပါ" လို့ သူက ဆက်ပြောခဲ့ပါတယ်။