လီဗာပူးမှ ထွက်ခွာတော့မယ့် အရိပ်အယောင်မျိုး ပြသလာတဲ့ ဂျိုးဂိုးမက်ဇ်
နွေရာသီအပြောင်းအရွှေ့နီးကပ်လာချိန် လီဗာပူးနောက်ခံလူဂျိုးဂိုးမက်ဇ်က သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ရေရာပြတ်သားမှုမရှိသေးဘူးလို့ ဖွင့်ဟပြောကြားလာပါတယ်။
မိုဆာလက်နဲ့ ရော်ဘတ်ဆန်တို့ကတော့ အခုရာသီကုန်ရင် လီဗာပူးအသင်းမှ ထွက်ခွာမယ်လို့ ကြေညာထားပြီး ဂိုးသမားအလီဆင်ကလည်း ဂျူဗင်တပ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အီလီယော့နဲ့ ကာတစ်ဂျုံးစ်တို့ကလည်း သူတို့ရဲ့အနာဂတ်အတွက် ဆွေးနွေးသွားဖို့ ရှိသလို ချီယေဆာလည်း အီတလီပြန်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အခုတော့ ဂိုးမက်ဇ်ကလည်း Liverpool Echo အပါအဝင် သတင်းထောက်တွေနဲ့တွေ့ဆုံချိန် မာဆေးဆိုဒ်ကလပ်မှာ သူရှိနေရမယ့်အချိန်တွေ ကုန်ဆုံးတော့မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ပြောဆိုလာတဲ့ နောက်ထပ်ကစားသမားတစ်ဦး ဖြစ်လာပါတယ်။
"ဘာမဆိုဖြစ်သွားနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း မသိသေးပါဘူး။ စာချုပ်သက်တမ်းကလည်း တစ်နှစ်ပဲကျန်တော့တာဆိုတော့ ဘာဖြစ်လာမလဲဆိုတာ မသေချာဘူးပေါ့။ ဖြစ်သင့်တာတွေ ဖြစ်လာမှာပါ၊ ဒါပေမဲ့ ဒီအသင်းမှာပဲဖြစ်ဖြစ်ပေါ့။ ဒီလိုနေရာမျိုးမှာ ၁၁ နှစ်ကြာ ဖြတ်သန်းခွင့်ရခဲ့တာကို အမြဲတမ်း ကျေးဇူးတင်နေပါတယ်။ ကျွန်တော့်ဘက်ကတော့ ကျေးဇူးတင်ဖို့ပဲ ရှိပါတယ်၊ ရှေ့ဆက် ဘာဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့" လို့ သူက ပြောပါတယ်။
အသက် ၂၈ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ အခုရာသီ ပြိုင်ပွဲစုံမှာ ၁၅ ပွဲသာ ပွဲထွက်ခွင့်ရထားပြီး စုစုပေါင်း ၃၁ ပွဲ ပါဝင်ကစားပေးထားပါတယ်။ ဒီပွဲစဉ်တွေအနက် ၁၄ ပွဲကိုတော့ ဘရက်ဒလေ၊ ဖရင်ပေါင်တို့ရဲ့နေရာမှာ ညာနောက်ခံလူအဖြစ် အစားထိုး ဝင်ရောက်ကစားပေးခဲ့ပါတယ်။
ဂျိုးဂိုးမက်ဇ်ရဲ့စာချုပ်က လာမယ့်ရာသီကုန်ဆုံးချိန်၊ သက်တမ်းပြည့်မြောက်သွားဖို့ ရှိနေပြီး ဒဏ်ရာမှပြန်လာမယ့် လီယိုနီနဲ့ အသစ်ရောက်ရှိလာမယ့် ဂျက်ကတ်တို့ကြောင့် ခံစစ်ပိုင်းမှာ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနိုင်ပါတယ်။