လီဗာပူးနဲ့ စာချုပ်သက်တမ်းတိုးမြှင့်နိုင်ရေး နီးစပ်မှုမရှိသေးတဲ့ ကိုနာတေး
လီဗာပူးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကိုနာတေးမှာ နီးစပ်မှုမရှိသေးဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့လအတွင်း အသက် ၂၆ နှစ်အရွယ်ကိုနာတေးက "ကျွန်တော်တို့ အသင်းနဲ့ စကားပြောနေတာ ကြာပါပြီ၊ သဘောတူညီမှုရဖို့လည်း နီးစပ်နေပါပြီ။ ရှေ့ရာသီမှာလည်း ဒီမှာဆက်ရှိနေဖို့ အခွင့်အရေး အများကြီးရှိပါတယ်။ ဒါက ကျွန်တော် အမြဲတမ်းလိုချင်ခဲ့တဲ့အရာပါ" လို့ ပြောကြားရင်း စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ယုံကြည်နေခဲ့ဖူးပါတယ်။
ဒါပေမဲ့ The Liverpool Echo ရဲ့ သတင်းထောက် အီယန်ဒွိုင်းလ်ရဲ့အဆိုအရ ကိုနာတေးရဲ့ လက်ရှိစာချုပ်သက်တမ်းက သီတင်းပတ်ခုနစ်ပတ်သာ ကျန်တော့သလို စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေဟာ သူပြောသလောက် အဆင်ပြေပြေဖြစ်မဘေူးလို့ သိရပါတယ်။
လီဗာပူးအသင်းက ကိုနာတေးကို အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားပေမဲ့ အခုဘောလုံးရာသီ၊ သူ့ရဲ့ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေကြောင့် အသင်းရဲ့ လုပ်ခလစာအများဆုံးကစားသမားစာရင်းဆီ ထည့်သွင်းပေးဖို့ တွန့်ဆုတ်နေပါတယ်။
ဒါပေမဲ့လည်း ထိပ်တန်းအဆင့်ခြေစွမ်းရှိနေတဲ့ နောက်ခံလူတစ်ဦးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ပေးလိုက်ရတာမျိုး (အထူးသဖြင့် အာနိုးလ်ထွက်ခွာသွားပြီး တစ်နှစ်အကြာမှာ ထပ်ဖြစ်တာမျိုး)ကို ပရိသတ်တွေ လွယ်လွယ်နဲ့ လက်ခံပေးနိုင်ကြမှာ မဟုတ်ပါဘူး။