The network connection is lost.

Banner Image

ယူနိုက်တက်မှာ ဆက်ရှိဖို့ မရှိဖို့ ရှင်းလင်းတဲ့အဖြေတစ်ခုလိုချင်နေတဲ့ ကာရစ်

အသင်းအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရတော့မယ့် အချိန်မှာ မိုက်ကယ်ကားရစ်က မန်ချက်စတာယူနိုက်တက်မှာ သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ အခြေအနေတစ်ရပ်ကို သိရှိလိုနေတာပါ။ ရူဘင်အမော်ရင်မ် ထွက်ခွာသွားပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကားရစ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအင်္ဂလန်လူမျိုးနည်းပြဟာ အိုးထရပ်ဖို့ဒ်မှာ တကယ်ကို အံ့အားသင့်စရာကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၁၀ ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ယူနိုက်တက်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း အတည်ပြုပေးနိုင်ခဲ့ပါတယ်။

အခုဆိုရင် အာမတ်ဒီယာလို အပါအဝင် ကစားသမား အများအပြားက ကားရစ်ကို ဘယ်လောက်အထိ သဘောကျတယ်ဆိုတာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနေကြပါပြီ။ ဒါကြောင့် INEOS နဲ့ နည်းစနစ်ဒါရိုက်တာ ဂျေဆန်ဝီလ်ကော့စ်တို့အနေနဲ့ ကားရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သင့်၊ မသင့် ဆိုတာကို ဆုံးဖြတ်ရတော့မှာပါ။ ရေရှည်မှာ သူအောင်မြင်မယ်ဆိုတာကို ဘယ်သူမှ အာမမခံနိုင်တာကြောင့် ဒါဟာ တကယ်ကို ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပေမဲ့ အသက် ၄၄ နှစ်အရွယ် ကားရစ်ကတော့ သူ့ရဲ့အနာဂတ်အတွက် ရှင်းလင်းပြတ်သားတဲ့ အဖြေကိုပဲ စောင့်မျှော်နေပါတယ်။

စနေနေ့မှာ ကစားမယ့် ဆန်းဒါးလန်းနဲ့ ပွဲမတိုင်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကားရစ်က "ရှေ့ဆက်ဖို့အတွက် ရှင်းလင်းပြတ်သားမှု ရှိဖို့က အရေးကြီးတာ အမှန်ပါပဲ။ အခုက ရာသီကုန်ခါနီးအချိန်ကို ရောက်လာပြီဆိုတော့ ကျွန်တော်တို့ ရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့သလို ကောင်းမွန်တဲ့ အနေအထားတစ်ခုမှာလည်း ရှိနေပါပြီ။ ဒါကြောင့် ကျွန်တော့်ရဲ့ အခန်းကဏ္ဍက ရှေ့လျှောက် ဘယ်လိုဖြစ်လာမလဲဆိုတဲ့ အခြေအနေကို သိချင်တာပါ" လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး သူက "ဒါဟာ ပုံမှန်ဖြစ်ရမယ့် အချိန်ပါပဲ။ ရာသီကုန်ခါနီး ဒါမှမဟုတ် ရာသီကုန်ရင် ဒီအကြောင်းကို ဆွေးနွေးဖို့ အမြဲတမ်း ပြောထားပြီးသားပါ။ ဒါကြောင့် အမှန်အတိုင်းပြောရရင် အထူးတလည် ပြောင်းလဲသွားတာမျိုးတော့ မရှိပါဘူး" လို့ ဆိုပါတယ်။ နွေရာသီအတွက် အစီအစဉ်တွေ ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် INEOS အနေနဲ့ ကားရစ်ကို အမြဲတမ်း စာချုပ်ချုပ်ဆိုမလား ဆိုတာကို နောက်မကျဘဲ အမြန်ဆုံး ဆုံးဖြတ်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။