ကတ်စ်မဲရိုးရဲ့နေရာမှာ အစားထိုးဖို့ နွေရာသီမှာ ပေါင် ၁၅၀ သန်းအထိ အသုံးပြုသွားမဲ့ ယူနိုက်တက်
မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ ကွင်းလယ်ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် ပေါင် ၁၅၀ သန်းကျော် အသုံးပြုသွားဖို့ အသင့်ဖြစ်နေပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ကတ်စ်မဲရိုးဟာ အခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာကြောင့် အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့ နောက်ဆုံးအပတ်တွေကို ဖြတ်သန်းနေရပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း နည်းပြအသီးသီးလက်အောက်မှာ မျှော်လင့်ထားသလို ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကွင်းလယ်လူ မန်နူရယ် အူဂါတီကိုလည်း ဒီနွေရာသီမှာ လက်လွှတ်ဖို့ အသင့်ဖြစ်နေပါတယ်။ ဒီရာသီမှာ အူဂါတီ ပွဲထွက်ကစားခဲ့တဲ့ ၁၀ ပွဲထဲမှာ ယူနိုက်တက်က ၆ ပွဲအထိ ရှုံးနိမ့်ထားခဲ့တာဖြစ်ပြီး သူဟာ စွမ်းဆောင်ရည်ပိုင်းမှာ စိတ်ပျက်စရာတွေ ဆက်တိုက်ဖြစ်နေတာကြောင့် အသင်းကနေ ရောင်းထုတ်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။
နောက်လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားလို့ အပြောင်းအရွှေ့အသုံးစရိတ် ပိုမိုရရှိလာမှာဖြစ်သလို ဒီနွေရာသီမှာ ရပ်စမတ်စ် ဟွိုင်လန်းနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ကို ရောင်းချဖို့ မျှော်လင့်ထားတာကလည်း အပြောင်းအရွှေ့ဘတ်ဂျက်ကို ပိုမိုများပြားစေမှာ ဖြစ်ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အဆိုပါ များပြားလှတဲ့ အသုံးစရိတ်တွေကို လာမယ့်လတွေအတွင်း ကွင်းလယ်ပိုင်းအတွက် ပေါင် ၁၅၀ သန်းကျော် အသုံးပြုပြီး အားဖြည့်သွားမှာ ဖြစ်ပါတယ်။
အဆိုပါသတင်းအရ ကတ်စ်မဲရိုးရဲ့နေရာမှာ အစားထိုးဖို့အတွက် နော့တမ်ဟမ်ဖောရက်စ်က အီလီယော့ အန်ဒါဆန်၊ ဘရိုက်တန်က ကားလို့စ် ဘာလီဘာ၊ ခရစ္စတယ်ပဲလေ့စ်က အာဒမ် ဝှာတန်၊ နယူးကာဆယ်ကွင်းလယ်လူ ဆန်ဒရို တိုနာလီနဲ့ ရီးရဲလ်မက်ဒရစ်က အော်ရီလီယန် ချူအာမန်နီတို့ကို ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ အပြောင်းအရွှေ့ပစ်မှတ်တွေကို စဉ်းစားနေချိန်မှာ ဝက်စ်ဟမ်းက မားတေးယပ်စ် ဖာနန်ဒက်စ်၊ ဘုန်းမောက်အသင်းက အဲလက်စ် စကော့နဲ့ တိုင်လာ အဒမ်တို့ နှစ်ဦးကိုလည်း ပစ်မှတ်ထားနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။