ဆွစ်ဇာလန်လက်ရွေးစင်နောက်ခံလူကို ခေါ်ယူဖို့ နီးစပ်လာနေတဲ့ ယူနီယံဘာလင်
ယူနီယံဘာလင်အသင်းက ဗလန်စီယာနောက်ခံလူကိုမတ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒိုကီနဲ့ ဒီယေဂိုလိုက်တီတို့ အသင်းမှထွက်ခွာဖို့ ရှိနေလို့ ဂျာမန်မြို့တော်ကလပ်ယူနီယံဘာလင်က ခံစစ်ပိုင်းအတွက် ကစားသမားအင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပါတယ်။
'Die Eisernen' လို့ အမည်ပြောင်ပေးထားတဲ့ ယူနီယံဘာလင်အသင်းက မိုချန်ဂလာဘတ်ကစားသမား မာဗင်ဖရိုင်းဒရစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုအခါ နောက်ထပ်ဗဟိုနောက်ခံလူတစ်ဦးကိုပါ ခေါ်ယူဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။
Bild နဲ့ Radio Marca တို့ရဲ့ဖော်ပြချက်အရ ယူနီယံဘာလင်က ဗလန်စီယာနောက်ခံလူအီရေးကိုမတ်ကို ခေါ်ယူဖို့အတွက် အဆင့်မြင့်ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။
ကိုးမတ်နဲ့ စပိန်လာလီဂါကလပ်တို့အကြား စာချုပ်သက်တမ်းကလည်း အခုဘောလုံးရာသီပြီးဆုံးချိန်၊ သက်တမ်းကုန်ဆုံးဖို့ရှိနေလို့ ဒီနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ရှိနေပါတယ်။
ဆွစ်ဇာလန်လက်ရွေးစင်ကစားသမားကိုမတ်က ဗလင်စီယာမှာ သုံးနှစ်ခွဲကြာ ဖြတ်သန်းခဲ့ပြီး အခုရာသီမှာတော့ အသင်းအတွက် ၁၈ ပွဲ ကစား၊ ၂ ဂိုး သွင်းယူပေးထားပါတယ်။