The network connection is lost.

Banner Image

ဟာလန်းရဲ့ အေးဂျင့် အကူအညီနဲ့ မန်စီးတီးမှာ ၄ နှစ်စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားတဲ့ ဖိုဒန်

ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူရဲ့ အကူအညီနဲ့ ဖီးလ်ဖိုဒန်ဟာ မန်စီးတီးအသင်းမှာ ၄ နှစ်စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

ဖီးလ်ဖိုဒန်ဟာ သူငယ်စဉ်ကတည်းက ကြီးပြင်းခဲ့တဲ့ မန်စီးတီးအသင်းနဲ့ စာချုပ်သစ်အတွက် သဘောတူညီမှု ရခဲ့တာကြောင့် အသင်းမှာ ဆက်ရှိနေဖို့ အခြေအနေ အတော်လေး နီးစပ်သွားပြီ ဖြစ်ပါတယ်။

အသက် ၁၇ နှစ်သားအရွယ် စီးတီးလူငယ်အကယ်ဒမီကနေ စတင်ခြေချခဲ့ချိန်ကစလို့ ဖိုဒန်ဟာ ပရီမီယံလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား၊ FA ဖလား ၂ ကြိမ်နဲ့ ကာရာဘောင်ဖလား ၅ ကြိမ်အထိ ဆွတ်ခူးပြီး အောင်မြင်မှုတွေ အများကြီး ရရှိထားသူပါ။

ဒါပေမဲ့လည်း အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်တဲ့ ဖိုဒန်ဟာ ဒီရာသီမှာတော့ နည်းပြ ဂွါဒီယိုလာရဲ့ မျက်စိကျခြင်းကို မခံရတော့ဘဲ နည်းပြက တိုက်စစ်ပိုင်းအတွက် ရိုင်ယန်ချာကီနဲ့ အန်တွိုင်းဆီမင်ညိုတို့ကို ပိုပြီး အကြိုက်တွေ့နေပါတယ်။ အခုအခါမှာတော့ Sky Sports နဲ့ BBC သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်နေတဲ့ အသက် ၂၅ နှစ်အရွယ် ဖိုဒန်ဟာ မန်စီးတီးနဲ့ ၄ နှစ်စာချုပ်သစ်ချုပ်ဆိုဖို့ မူအားဖြင့် သဘောတူညီမှု ရရှိသွားပြီဖြစ်ပြီး ဒါဟာ အလွန်ကြီးမားတဲ့ သဘောတူညီမှုတစ်ခုလည်း ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ တနင်္လာနေ့ညက အဲဗာတန်နဲ့ ၃ ဂိုးစီ သရေကျခဲ့တာကြောင့် မန်စီးတီးရဲ့ ချန်ပီယံဆုမျှော်လင့်ချက်တွေ ထိခိုက်ခဲ့ရသလို ဖိုဒန်ဟာလည်း အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဖိုဒန် နောက်ဆုံးအကြိမ် ပရီမီယံလိဂ်မှာ ပွဲထွက်ခွင့် ရခဲ့တာက မတ်လ ၄ ရက်နေ့က နော်တင်ဟမ်ဖောရက်စ်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာပါ။

ဂါဒီယန်းရဲ့ ဖော်ပြချက်အရ ဖိုဒန်ရဲ့ စာချုပ်သစ်မှာ နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်ပါဝင်ပြီး ဒါဟာ ကစားသမားဘဝ အကောင်းဆုံးအချိန်ကို မရောက်သေးတဲ့ ဖိုဒန်အပေါ် ဂွါဒီယိုလာနဲ့ အသင်းဘုတ်အဖွဲ့က ယုံကြည်မှုရှိတာကို ပြသနေတာပဲ ဖြစ်ပါတယ်။

ဖိုဒန်ဟာ အနည်းဆုံး ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ သက်တမ်းရှိမယ့် စာချုပ်သစ်အသေးစိတ်ကို ဆွေးနွေးဖို့အတွက် အာလင်းဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရာဖေးလာပီမင်တာကို ငှားရမ်းခဲ့တယ်လို့လည်း သိရပါတယ်။