တန်းတင်ကျန်ရစ်နိုင်ဖို့အတွက် တော့တင်ဟမ်ရဲ့စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကို ဖြေရှင်းနိုင်ခဲ့ပြီလို့ ဒီဇာဘီယုံကြည်နေ
ယမန်နေ့(တနင်္ဂနွေနေ့)မှာ အက်စတွန်ဗီလာကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အရေးကြီးပွဲစဉ်အပြီး ပရီးမီးယားလိဂ်တန်းဆင်းဇုန်မှရုန်းထွက်နိုင်ပြီးနောက် တော့တင်ဟမ်အသင်းကိုယ်တိုင် သူတို့ရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီလို့ ရောဘတ်တိုဒီဇာဘီက ယုံကြည်နေပါတယ်။
လက်ရှိအမှတ်ပေးဇယားအောက်ခြေမှရေတွက်ရင် စတုတ္ထနေရာမှာ ရှိနေတဲ့ တော့တင်ဟမ်က တန်းဆင်းဇုန်အတွင်းရှိဝက်စ်ဟမ်းထက် တစ်မှတ်အသာရရှိနေပြီး ဒီနှစ်သင်းလုံးမှာ လက်ကျန်ပွဲစဉ်သုံးပွဲသာ ကစားဖို့ ကျန်ရှိပါတော့တယ်။
ပြီးခဲ့တဲ့မတ်လအတွင်း ထုတ်ပယ်ခံလိုက်ရတဲ့ ယာယီနည်းပြတူဒေါရဲ့နေရာမှာ ဒီဇာဘီစတင်တာဝန်ယူချိန်၊ တော့တင်ဟမ်က ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက နိုင်ပွဲပျောက်ဆုံးမှု ၁၅ ပွဲအထိ ရှိနေခဲ့ပါတယ်။
ဆန်းဒါးလန်းကိုရှုံးနိမ့်ပြီး ဘရိုက်တန်နဲ့ သရေကျပြီးနောက်မှာတော့ ဒီဇာဘီက ဝုဗ်နဲ့ ဗီလာတို့လိုအသင်းတွေရဲ့ကွင်းမှာ အဖိုးတန်အဝေးကွင်းနိုင်ပွဲတွေ ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ၁၉၇၇-၇၈ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်တန်းဆင်းရမယ့်အရေးမှလွတ်မြောက်ဖို့ဆိုတဲ့ တော့တင်ဟမ်တို့ရဲ့မျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့ပါတယ်။
အခုလိုရုန်းကန်နေရတဲ့ရာသီအတွင်းမှာ ကစားသမားတွေရဲ့ပျက်စီးနေတဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ဆိုတာ အဓိကပဲလို့ အီတလျံလူမျိုးနည်းပြက ပြောကြားခဲ့ပါတယ်။
"ဒါ စိတ်ဓာတ်ပိုင်းဆိုင်ရာပြဿနာလို့ ကျွန်တော် ထင်ပါတယ်။ အခု နိုင်ပွဲနှစ်ပွဲရလိုက်တဲ့အတွက် နောက်ပိုင်းပွဲတွေမှာ ပိုပြီးယုံကြည်မှုရှိရှိ၊ ပိုကောင်းတဲ့စိတ်ဓာတ်နဲ့ ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ သူက ဆိုပါတယ်။
"ဗီလာက တကယ်ကို ကောင်းတဲ့အသင်းပါ။ ကစားသမားကောင်းတွေ အများကြီးရှိသလို နည်းပြကလည်း တော်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘောလုံးရှိတဲ့အချိန်ရော၊ မရှိတဲ့အချိန်မှာပါ မိနစ် ၆၀ လောက်အထိ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်"
"ကျွန်တော့်ကစားသမားတွေရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်မိပါတယ်။ သူတို့ ဒီရာသီမှာ ဘယ်လောက်အထိ ဒုက္ခခံခဲ့ရတယ်ဆိုတာ ကျွန်တော် သိပါတယ်။"
"ပြိုင်ဘက်ကို ဖိအားပေးကစားတာက စိတ်ဓာတ်ပိုင်းဆိုင်ရာပဲ ဖြစ်ပြီး ဘောလုံးပိုင်ဆိုင်ထားတဲ့အချိန်မှာလည်း နေရာလွတ်တွေကို တိုက်စစ်ဆင်တာ၊ ဂိုးကန်သွင်းတာတွေကို အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်အလုပ်က သူတို့ကို ကူညီပေးဖို့နဲ့ သူတို့ ဘာတွေလုပ်နိုင်လဲဆိုတာကို ပြသနိုင်ဖို့ပါပဲ"
အခုပွဲစဉ်အတွင်း ဇန်နဝါရီအပြောင်းအရွှေ့မှာ အက်သလက်တီကိုမက်ဒရစ်မှရောက်ရှိလာခဲ့တဲ့ ဂလယ်ဟာက တော့တင်ဟမ်ကစားသမားဘ၀ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သလို အင်္ဂလန်ကွင်းလယ်လူရဲ့ မမောမပန်း ကြိုးစားအားထုတ်မှုတွေက တော့တင်ဟမ်ရဲ့စိတ်ဓာတ်ပိုင်းကို ထင်ဟပ်စေခဲ့ပါတယ်။
"ဂလယ်ဟာ ကောင်းကောင်းကစားတဲ့အခါ ကျွန်တော်တို့က ၁၂ ယောက်နဲ့ ကစားနေရသလိုပါပဲ။ သူက တကယ်ကို အံ့ဩဖို့ကောင်းတဲ့ ကစားသမားပါ။ မူအာနီနဲ့မာသီးတဲလ်တို့လည်း အကောင်းဆုံးကစားနိုင်ခဲ့ကြသလို ဗဟိုနောက်ခံလူနှစ်ဦးရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျွန်တော် တကယ်ကို ကျေနပ်မိပါတယ်" လို့ ဒီဇာဘီက ပြောပါတယ်။
တော့တင်ဟမ်က လာမယ့်သီတင်းပတ်ကုန်၊ လိဒ်ကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ရှိပြီး အဲဒီနောက် ချယ်လ်ဆီးကွင်းဆီ သွားရောက်ကစားကာ ရာသီပိတ်ပွဲစဉ်အဖြစ် အဲဗာတန်နဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားရပါမယ်။
တစ်ဖက်မှာလည်း ဝက်စ်ဟမ်းက လာမယ့်သီတင်းပတ်မှာ အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့ ကစားရဖို့ရှိပေမဲ့ ဒီဇာဘီကတော့ တန်းမဆင်းရရေးတိုက်ပွဲမှာ ဘာကိုမှ ပေါ့ပေါ့တန်တန်သဘောထားဖို့ ဆန္ဒမရှိပါဘူး။
"ဘောလုံးရာသီ မပြီးဆုံးသေးပါဘူး။ လိဒ်နဲ့ပွဲစဉ်မှစလို့ နောက်ထပ်သုံးပွဲကစားဖို့ ကျန်ပါသေးတယ်။ လိဒ်ကလည်း အခုချိန်မှာ အရမ်းကောင်းနေတာပါ"
"ဝုဗ်နဲ့မကစားခင်အခြေအနေကိုလည်း မေ့လို့မရပါဘူး။ အဲဒီတုန်းက တကယ်ကို စိတ်မကောင်းစရာ အခြေအနေဖြစ်ခဲ့ပြီး အဲဒီအမှတ်ရစရာတွေကို ကျွန်တော်တို့ ခေါင်းထဲမှာ အမြဲရှိနေရပါမယ်" လို့ သူက ပြောကြားခဲ့ပါတယ်။