The network connection is lost.

Banner Image

လူးဝစ်စကယ်လီကို ကွင်းလယ်မှာသုံးဖို့ ဘာလို့ ဒီလောက်တောင် နောက်ကျခဲ့တာလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်မိတယ်ဆိုတဲ့ အာတီတာ

အာဆင်နယ်အသင်းက ဖူလ်ဟမ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ လူငယ်ကစားသမား လူးဝစ်စကယ်လီက ကွင်းလယ်မှာ အကောင်းဆုံး ခြေစွမ်းပြသသွားခဲ့ပြီးတဲ့နောက် နည်းပြ မီကယ်အာတီတာက သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဟာသနှောကာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

ပွဲထွက်ခွင့်ရဖို့ ခဲယဉ်းလေ့ရှိတဲ့ ဒီလူငယ်ကစားသမားလေးဟာ အခုပွဲမှာတော့ သူ့အပေါ် ယုံကြည်ခဲ့တဲ့ နည်းပြရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း အကောင်းဆုံး သက်သေပြနိုင်ခဲ့ပြီး အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု လမ်းကြောင်းကိုလည်း ပိုမို ခိုင်မာစေခဲ့ပါတယ်။

အရင်က အင်ဗာတက် ဘယ်နောက်ခံလူ (Inverted Left-back) အဖြစ်သာ အဓိက ကစားခဲ့ရတဲ့ လူးဝစ်စကယ်လီဟာ အခုရာသီ သူ့ရဲ့ တတိယမြောက် လိဂ်ပွဲစဉ်မှာပဲ ကွင်းလယ်ဗဟိုနေရာမှာ ခြေစွမ်းပြနိုင်ခဲ့တာပါ။ အခွင့်အရေး နည်းပါးပေမဲ့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့တဲ့ လူးဝစ်စကယ်လီရဲ့ စိတ်နေစိတ်ထားကိုလည်း အာတီတာက ချီးကျူးခဲ့ပါတယ်။

"ဘာလို့လဲဆိုတော့ ကျွန်တော် ဘာမှမသိလို့ ဖြစ်မှာပါ။ ဒီထက် စောပြီး ကွင်းလယ်မှာ သုံးခဲ့သင့်တာလား ဆိုတာတော့ ကျွန်တော်လည်း မသိဘူး" လို့ အာတီတာက ပြောပါတယ်။

ဆက်လက်ပြီး "ဒါဟာ တကယ့်ကို စွန့်စားမှုကြီးတစ်ခုပါ။ ဘာဖြစ်လာမလဲဆိုတာ ကျွန်တော် ကြိုသိနေတာပဲ။ အဆင်ပြေသွားရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ ပွဲသာ ရှုံးသွားခဲ့ရင် 'ဒီလို အခြေအနေမျိုးမှာ၊ သူတစ်ခါမှ မကစားဖူးတဲ့ နေရာမှာ ဒီလောက် အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုများ ထည့်သုံးရတာလဲ' ဆိုပြီး အမေးခံရမှာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ သူ့အတွက် ဒါဟာ သင့်တော်တဲ့ ပွဲတစ်ပွဲ ဖြစ်မယ်လို့ ကျွန်တော် ခံစားမိခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။