ယူနိုက်တက်မှ ထွက်ခွာခွင့်တွေကို ဘာကြောင့် ငြင်းပယ်ခဲ့သလဲဆိုတာ ဘရူနိုဖာနန်ဒက်စ် ဖွင့်ဟလာ
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ အခွင့်အရေးတွေ ရှိခဲ့တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ လက်ရှိမှာ ဂိုးဖန်တီးမှု ၁၉ ကြိမ်အထိ ပြုလုပ်ထားပြီး ပရီမီယံလိဂ်ရဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး စံချိန်ရှင်တွေဖြစ်တဲ့ သီယာရီဟင်နရီနဲ့ ကယ်ဗင်ဒီဘရိုင်းတို့ရဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ တစ်ကြိမ်ပဲ လိုပါတော့တယ်။ ဒီတိုက်စစ်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နွေရာသီက ဆော်ဒီအာရေးဗီးယားကို ပြောင်းရွှေ့ဖို့ သတင်းတွေ အကြီးအကျယ် ထွက်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အိုးထရပ်ဖို့ဒ်မှာပဲ ဆက်ရှိနေခဲ့တာပါ။
Sky Sports က ဂယ်ရီနဗီးလ်နဲ့ အင်တာဗျူးမှာတော့ ဖာနန်ဒက်စ်က မန်ယူအသင်းမှာ အောင်မြင်မှုရဖို့က တခြားဘယ်နေရာကို ပြောင်းတာထက်မဆို ပိုပြီး အဓိပ္ပာယ်ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။ "ဒါဟာ သစ္စာရှိမှုအကြောင်း သီးသန့်ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော် လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်ကတည်းက ထွက်သွားလို့ရသလို ပြီးခဲ့တဲ့ရာသီကလည်း ထွက်သွားလို့ ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီမှာပဲ နေချင်တာပါ" လို့ သူက ဆိုပါတယ်။
"ဒီကလပ်မှာ အောင်မြင်မှုရတာမျိုးက တခြားဘယ်အသင်းမှာမှ မရနိုင်တဲ့ ခံစားချက်မျိုးလို့ ကျွန်တော်ထင်တယ်။ ဒီအသင်းကနေ ကျွန်တော် လိုချင်တဲ့အရာကို ရတဲ့နေ့မှာ ခံစားရမယ့် ပျော်ရွှင်မှုမျိုးဟာ ကမ္ဘာပေါ်က တခြားဘယ်ကလပ်မှာမှ ရမှာမဟုတ်ပါဘူး။ ပရိသတ်တွေ ဒါကို ဘယ်လောက်တောင် လိုချင်နေကြလဲ၊ သူတို့ ဘယ်လောက် စိတ်အားထက်သန်ကြလဲဆိုတာ ကျွန်တော် သိပါတယ်။ အသင်းကြီး အရင်လို အခြေအနေမျိုး ပြန်ရောက်လာဖို့ သူတို့ ဘယ်လောက်တောင် စောင့်ဆိုင်းနေကြရသလဲဆိုတာကိုလည်း နားလည်ပါတယ်။ ကျွန်တော်လည်း သူတို့နဲ့ လှေတစ်စင်းတည်း စီးနေတာပါ။ ဒီလှေကြီးကို ရပ်တန့်မနေစေဘဲ တတ်နိုင်သမျှ ရှေ့ကို အဝေးဆုံးအထိ ရောက်အောင် ခေါ်ဆောင်သွားချင်ပါတယ်" လို့ ဖာနန်ဒက်စ်က ဆက်ပြောပါတယ်။
"ဟုတ်ပါတယ်၊ ကျွန်တော် ကာရာဘောင်ဖလားနဲ့ FA ဖလားတွေ ရခဲ့ဖူးပါတယ်။ ဒါပေမဲ့ အသင်းရော၊ ပရိသတ်တွေရော၊ ကျွန်တော်ကိုယ်တိုင်နဲ့ အသင်းဖော်တွေပါ တကယ်လိုချင်နေတဲ့ အောင်မြင်မှုမျိုးကိုတော့ မရသေးပါဘူး။ ကျွန်တော့်စာချုပ်သက်တမ်း မကုန်မချင်း အဲဒီအတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ" လို့ ၎င်းက အဆုံးသတ် ပြောကြားသွားခဲ့ပါတယ်။