ရိုဆင်နီယာကို ရာထူးမှထုတ်ပယ်လိုက်တဲ့ ချဲလ်ဆီး
စတမ်းဖို့ဒ်ဘရစ်ချ်မှာ လေးလလောက်ပဲ တာဝန်ယူရသေးတဲ့ နည်းပြရိုဆင်နီယာနဲ့ လမ်းခွဲလိုက်ပြီလို့ ချဲလ်ဆီးအသင်းမှ ကြေညာခဲ့ပါတယ်။ အင်္ဂလန်လူမျိုးနည်းပြက ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ နည်းပြဟောင်းမာရက်စ်ကာရဲ့နေရာကို အစားထိုးဝင်ရောက်လာပြီး အသင်းနဲ့ ခြောက်နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ရိုဆင်နီယာရဲ့ချဲလ်ဆီးနည်းပြဘ၀အစကနဦးခုနစ်ပွဲမှာ ခြောက်ပွဲအထိ အနိုင်ရရှိခဲ့သလို ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေမှာလည်း အကောင်းဆုံးခြေစွမ်းပြပြီး ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပေမဲ့ ပီအက်စ်ဂျီကို နှစ်ကျော့ပေါင်းရလဒ် ၈-၂ ဂိုးဖြင့် ရှုံးနိမ့်ကာ ဥရောပပြိုင်ပွဲမှထွက်ခွာလာရပြီးနောက် အခြေအနေတွေ ရုတ်တရက်ဆိုးရွားသွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ပရီးမီးယားလိဂ်မှာလည်း ရလဒ်တွေ ဆက်တိုက်ကျဆင်းခဲ့ပြီး အခုဆိုရင် ချဲလ်ဆီးအသင်းက နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲဆက် ရှုံးနိမ့်ထားပါတယ်။ အဲဒီငါးပွဲမှာ ၁၁ ဂိုးအထိ ပေးခဲ့ရပြီး သွင်းဂိုးလုံး၀မရရှိခဲ့လို့ အဆင့် ၁၂ နေရာရှိပြိုင်ဘက်အသင်းနဲ့ သုံးမှတ်သာ ကွာဟပါတော့တယ်။
ချဲလ်ဆီးအသင်းရဲ့ထုတ်ပြန်ချက်မှာ "အသင်းမှာရှိနေချိန်အတွင်း ရိုဆင်နီယာနဲ့ သူ့ရဲ့အဖွဲ့သားတွေရဲ့ ကြိုးစားအားထုတ်ခဲ့မှုတွေအတွက် ချဲလ်ဆီးအသင်းသားအားလုံးကိုယ်စား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်လိုပါတယ်။ ရိုဆင်နီယာက ရာသီဝက်မှာ စတင်တာဝန်ယူခဲ့ရပေမဲ့ အမြဲတမ်းစည်းကမ်းသေဝပ်မှုအပြည့်၊ ပရော်ဖက်ရှင်နယ်ပီသစွာ လုပ်ကိုင်ခဲ့သူပါ။ ဒီလိုလမ်းခွဲဖို့ ဆုံးဖြတ်ရမှုက အသင်းအတွက် မလွယ်ကူပေမဲ့လည်း လက်ရှိရလဒ်တွေနဲ့ ခြေစွမ်းတွေက လိုအပ်တဲ့စံချိန်စံညွှန်းအောက် ရောက်နေပါတယ်။ ရာသီကုန်ဖို့အများကြီးလိုသေးလို့ အခုလို ဆုံးဖြတ်ခဲ့ရတာဖြစ်ပြီး ရိုဆင်နီယာရဲ့ နောင်အနာဂတ်မှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်" လို့ ဖော်ပြထားပါတယ်။
ဘရိုက်တန်ကို သုံးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ရိုဆင်နီယာက သူ့ရဲ့ကစားသမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသေးတယ်။ အဲဒီပွဲစဉ်အပြီးမှာ သူက "ကျွန်တော် အရမ်းဒေါသထွက်လွန်းလို့ ဘာမှတောင် မခံစားနိုင်တော့ပါဘူး။ ကျွန်တော် မြင်တဲ့အတိုင်းပဲ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ပေးလိုက်ရတဲ့ဂိုးတွေကလည်း တကယ်ကို ဆိုးရွားလွန်းပြီး ဒါဟာ ကျွန်တော့်ရဲ့တာဝန်လည်း ဖြစ်ပါတယ်။ ဒီနေ့ပွဲက နည်းစနစ်ပိုင်းဆိုင်ရာကြောင့်မဟုတ်ဘဲ ကစားသမားတွေရဲ့ စိတ်ဓာတ်၊ ရဲစွမ်းသတ္တိနဲ့ အနိုင်လိုချင်စိတ်တွေ အားနည်းနေတာပါ။ ဒါက လုံးဝကို မလုံလောက်သေးဘဲ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းအတွက် ဒီရာသီ ဆုဖလားမျှော်လင့်ချက်အဖြစ် အက်ဖ်အေဖလားပြိုင်ပွဲတစ်ခုသာ ကျန်ရှိတော့ပြီး လာမယ့်ဧပြီလ ၂၆ ရက်၊တနင်္ဂနွေနေ့မှာတော့ လိဒ်ယူနိုက်တက်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရပါမယ်။